၂၉. ၇. ၂၀၂၃
Written by Hey Mar
ရန်ကုန်တိုင်းဒေသကြီး ၊ တာမွေမြို့နယ်၊ အရှေ့မြင်းပြိုင်ကွင်းလမ်း၊ အ.ထ.က(၃)ကျောင်းရှေ့မှာ ယာဉ်သုံးစီးဆင့်တိုက်မှုဖြစ်စဥ်တစ်ခု မနေ့က ဇူလိုင် ၂၈ ရက် ည ၁၁ နာရီ ၂၅ မိနစ်ခန့်က ဖြစ်ပွားခဲ့တယ်လို့ ယာဥ်တိုက်မှုဖြစ်စဉ်ကို သွားရောက်ကူညီပေးခဲ့တဲ့ YRO (မြန်မာနိုင်ငံ လူမှုကူညီကယ်ဆယ်ရေးအသင်း -ရန်ကုန်)မှ တာဝန်ရှိသူက MT News ကို ပြောပါတယ်။
ဖြစ်စဥ်မှာ Taxi (Toyota Corolla Fielder)နဲ့ KIA Carnival တို့နှစ်စီး မျက်နှာချင်းဆိုင် အရင်တိုက်မိပြီး KIA က လမ်းကြောင်းမှားကာ တက္ကစီကို ဝင်တိုက်တဲ့ အရှိန်ကြောင့် တက္ကစီက လမ်းဘေးမှာ ရပ်ထားတဲ့ Toyota Succeed ယာဥ်ကို ထပ်မံတိုက်မိခဲ့တာလို့ သိရပါတယ်။ အဲဒီ့ယာဥ်တိုက်မှုကြောင့် Taxi ပေါ်ပါလာတဲ့ အလုပ်ကပြန်လာသူ အမျိုးသမီး ၅ ဦးနဲ့ ယာဥ်မောင်းတို့ ထိခိုက်ဒဏ်ရာတွေရရှိခဲ့ပြီး စိုးရိမ်ရတဲ့ အခြေအနေ မရှိဘူးလို့ သိရပါတယ်။
“လူနာအမျိုးသမီးနှစ်ဦးကတော့ ဆေးရုံတင်ရမယ့်အခြေအနေ။ လမ်းမလျှောက်နိုင်ဘူး။ နောက်ကျောက နာတာလို့ပြောတယ်။ ထမ်းစဥ်နဲ့ ထုတ်ရတယ်။ သူတို့က ယူနီဖောင်းတွေနဲ့ပဲ။ ကုမ္ပဏီဝန်ထမ်းတွေ ဖြစ်မယ်။ ကျန်တဲ့ လူနာ လေးဦးကတော့ ဓာတ်မှန်ရိုက်ကြည့်ပြီးရင် အိမ်ပေးပြန်မယ်လို့တော့ သိရပါတယ်။ စတိုက်တဲ့ ကားက လူကတော့ ထွက်ပြေးတယ်”လို့ ရွှေရုပ်လွှာ ပရဟိတ အသင်းမှ တာဝန်ရှိသူက ပြောပါတယ်။
ယာဥ်တိုက်မှုဖြစ်စဥ်ကို သက်ဆိုင်ရာ ဌာနဆိုင်ရာအဖွဲ့အစည်းတွေက စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပြီး ယာဥ်တိုက်မှုကြောင့် ဒဏ်ရာရရှိခဲ့တဲ့ လူနာတွေကို (YRO- ဒုဥက္ကဋ္ဌ)က ပရဟိတအသင်းကား ၅ စီး၊ တာမွေ ကြက်ခြေနီအသင်းက ကားတစ်စီးတို့နဲ့ စံပြဆေးရုံကို ကူညီပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
ဓာတ်ပုံ – YRO