၂၈. ၇. ၂၀၂၃
Written by Tha Doe
ကမ္ဘာပေါ်ရှိ ထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော် အမြင့်ဆုံးဖြစ်လာမည့် မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးတည်ဆောက်လျက်ရှိသည့် နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယ ဗုဒ္ဓဥယျာဉ် ဝတ္ထုကံတော် အဂ္ဂါဓိပတိ သာသနာ့ဗိမာန်တော် မင်္ဂလာမော်ကွန်းကမ္ဗည်းဖွင့်လှစ်ခြင်း၊ ဗုဒ္ဓရုပ်ပွားတော်မြတ်များအား ဥဏ္ဏလုံမွေးရှင်တော် စီသွင်းပူဇော်ခြင်းနှင့် ကျောက်စာရုံ စေတီတော်တွင် မော်ကွန်းကျောက်စာတော် တည်ထားပူဇော်ခြင်း မင်္ဂလာအခမ်းအနားများကို ယနေ့နံနက်ပိုင်းတွင် သီးခြားစီကျင်းပပြုလုပ်ရာ ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ပူဇော်သည်။
အခမ်းအနားသို့ ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးဒေါ်ကြူကြူလှ၊ ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ်နှင့်ဇနီး ဒေါ်သန်းသန်းနွယ်၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ ပြည်ထောင်စုဝန်ကြီးများနှင့်ဇနီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ အဂ္ဂါဓိပတိ သာသနာ့ဗိမာန်တော် မင်္ဂလာမော်ကွန်းကမ္ဗည်းဖွင့်လှစ်ခြင်း အခမ်းအနားကို ကျင်းပပြုလုပ်ရာ အခမ်းအနားမှူးက မင်္ဂလာမော်ကွန်း ကမ္ပည်းစာတမ်းကို ဖတ်ကြားပြီး မင်္ဂလာအချိန်တွင် SAC ဥက္ကဋ္ဌက သာသနာ့ဗိမာန်တော် မော်ကွန်း ကမ္ပည်းကြေးပြားတော်အား စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပြီး ပရိတ်နံ့သာရည်များ ပက်ဖျန်းပေးခဲ့သည်။
ထို့နောက် အခမ်းအနားအစီအစဥ်များ စဥ်ဆက်မပြတ်ကျင်းပပြီးနောက် မာရဝိဇယ ဗုဒ္ဓဥယျာဉ် ဝတ္ထုကံတော် အဂ္ဂါဓိပတိ သာသနာ့ဗိမာန်တော် မင်္ဂလာမော်ကွန်းကမ္ဗည်းဖွင့်လှစ်ခြင်း၊ ဗုဒ္ဓရုပ်ပွားတော်မြတ်များအား ဥဏ္ဏလုံမွေးရှင်တော် စီသွင်းပူဇော်ခြင်းနှင့် ကျောက်စာရုံစေတီတော်တွင် မော်ကွန်းကျောက်စာတော် တည်ထားပူဇော်ခြင်း မဟာမင်္ဂလာအခမ်းအနားများ အောင်မြင်ခြင်းအထိမ်းအမှတ် အဖြစ် ရတနာ ရွှေမိုးငွေမိုးများရွာသွန်းဖြိုးခဲ့ကြသည်။
အဆိုပါ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဗုဒ္ဓါဘိသေကအနေကဇာ တင်လှူခြင်း၊ ကျောက်စာရုံစေတီတော်များ ထီးတော်တင်လှူခြင်းနှင့် ရေစက်ချ မဟာမင်္ဂလာ အခမ်းအနားများကို မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ ဒုတိယဝါဆို လပြည့်နေ့ (ဓမ္မစကြာနေ့)၊ ခရစ်နှစ် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၁ ရက်တွင် နိုင်ငံတော်အဆင့် ခမ်းနား သိုက်မြိုက်စွာ ကျင်းပ ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။