October 18, 2024

၂၈. ၇. ၂၀၂၃
Written by Nay Aung

ကမ္ဘာကျော် Zara အမှတ်တံဆိပ်အဝတ်စားများ၏ ပိုင်ရှင်ဖြစ်သော Inditex ကုမ္ပဏီက မြန်မာနိုင်ငံထံမှ အဝတ်အထည်များ ဝယ်ယူခြင်းများကို ရပ်တန့်သွားဖွယ်ရှိနေကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။

ကမ္ဘာ့အလုပ်သမားအစည်းအရုံးတစ်ခုဖြစ်သော IndustriALL ၏ တောင်းဆိုမှုများကြောင့် မြန်မာနိုင်ငံမှ အဝတ်ထည်များ ဝယ်ယူနေခြင်းကို ရပ်တန့်ရန် စီစဉ်နေခြင်းဖြစ်ကြောင်း Inditex ကုမ္ပဏီက သတင်းထုတ်ပြန်လိုက်သည်။

အဆိုပါ ကုမ္ပဏီ၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ” Inditex ကုမ္ပဏီဟာ IndustriALL အဖွဲ့ရဲ့ တောင်းဆိုမှုများကြောင့် မြန်မာနိုင်ငံမှာ လုပ်ငန်းများ ပါဝင်လုပ်ကိုင်နေတာတွေကို ပြန်ရုတ်သိမ်းမယ့် လုပ်ငန်းစဉ်တွေကို လုပ်ကိုင်နေတယ်။ အဲဒီရလဒ်ကြောင့် ကျွန်တော်တို့ဟာ မြန်မာနိုင်ငံမှာ ထုတ်လုပ်ရေးလုပ်ငန်း လုပ်ကိုင်နေသူတွေအရေအတွက်ကို လျှော့ချသွားမှုတွေဆက်လက်လုပ်ဆောင်မှာပါ”ဟု ပြောသည်။

Inditex ကုမ္ပဏီသည် မြန်မာနိုင်ငံတွင် လုပ်ငန်းများလုပ်ကိုင်နေခြင်းမှ မည့်သည့်အချိန်တွင် အပြီးသတ်ထွက်ခွာမည်ဆိုသောအချက်ကို အတိအကျပြောဆိုခြင်းမျိုး မရှိသေးကြောင်း သိရသည်။ အဆိုပါ Zara အမှတ်တံဆိပ်အဝတ်အစားများအတွက် မြန်မာနိုင်ငံမှ အထည်ချုပ်စက်ရုံ မည်မျှက ကူညီထောက်ပံ့ပေးနေသလဲဆိုသောအချက်ကိုလည်း ရှင်းရှင်းလင်းလင်းမသိရသေးကြောင်း သိရသည်။

မြန်မာနိုင်ငံသည် အနောက်အုပ်စုနိုင်ငံများတွင် လူကြိုက်များနေသည့် နာမည်ကြီးအမှတ်တံဆိပ်ပါအဝတ်အစားများ၊ ဖိနပ်များကို ကူညီထောက်ပံ့ချုပ်လုပ်ပေးနေသည့်နိုင်ငံဖြစ်သည်။ မြန်မာနိုင်ငံတွင် အာဏာအငြင်းပွားမှုများ ဖြစ်ပွားခဲ့ပြီးနောက် နိုင်ငံတကာဖိအားများကြောင့် မြန်မာနိုင်ငံ၌ လုပ်ငန်းများ လုပ်ကိုင်နေသော အထည်ချုပ်လုပ်ငန်းများ ပြန်ရုတ်သိမ်းမှုများရှိခဲ့သည်။ စပိန်ဖက်ရှင်ကုမ္ပဏီတစ်ခုဖြစ်သော Mango က မြန်မာနိုင်ငံမှအဝတ်အထည်များ ရယူခြင်းကို ရပ်တန့်လိုက်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။ ထို့အပြင် Primark ကုမ္ပဏီကလည်း ၎င်းတို့အနေဖြင့် မြန်မာနိုင်ငံရှိ အထည်ချုပ်လုပ်ငန်းတွင် ပါဝင်လုပ်ကိုင်မှုများကို ရပ်တန့်သွားမည်ဖြစ်ကြောင်း ပြီးခဲ့သောနှစ် စက်တင်ဘာလတွင် သတင်းထုတ်ပြန်ခဲ့သည်။ ထို့အပြင် Marks & Spencer ကုမ္ပဏီကလည်း အောက်တိုဘာလတွင် မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာမည်ဟု ကြေညာထားသည်။

Ref- Channalnewsasia

Leave a Reply

Your email address will not be published. Required fields are marked *