
ဘန်ကောက်မြို့အတွင်း MFP ထောက်ခံသူများက ဇူလိုင်လ ၂၇ ရက် ညပိုင်းက ဆန္ဒပြနေကြစဉ်
ဖျူထိုင်းပါတီနှင့် လက်တွဲရန် ပြဿနာမရှိဟု မြင်မိကြောင်း United Thai Nation Party (UTN) ပါတီ၏ ဒုတိယခေါင်းဆောင်ပြောကြား
၂၈. ၇. ၂၀၂၃
Translated by Htwe Ko Tun
MFP ပါတီကို ထောက်ခံသူများအနေဖြင့် အထက်လွှတ်တော်နှင့် လက်ရှိဖြစ်ပျက်လျက်ရှိသော နိုင်ငံရေး အခြေအနေများအပေါ် မကျေနပ်မှုများကို ရင်ဖွင့်ပြသရန် ဆန္ဒပြပွဲများပြုလုပ်နေမှုအပေါ် ဝန်ကြီးချုပ်ပရာယွတ်က များစွာစိုးရိမ်လျက်ရှိကြောင်း ဝန်ကြီးချုပ်ရုံးဝန်ကြီး သာနာကွန် ဝန်ဘွန်ကုံ ချာနာ က ဇူလိုင် ၂၈ ရက်တွင် ပြောခဲ့ကြောင်း သိရသည်။
ဝန်ကြီးချုပ် ပရာယွတ်က နိုင်ငံရေးပါတီများ၏ မတူညီကွဲပြားသောအမြင်များနှင့်အတူ ပြည်သူတို့အတွင်း ဤဆန္ဒပြမှုများက နိုင်ငံအား အကျပ်အတည်းအခြေအနေအတွင်း ပြန်လည်ကျရောက်စေမည်ကို စိုးရိမ်မိကြောင်း ပြောကြားခဲ့သည်ဟု သာနာကွန်က ဆိုသည်။
ဘန်ကောက်မြို့အတွင်း အထက်လွှတ်တော်အမတ်များ နုတ်ထွက်ရေးအတွက် MFP ထောက်ခံသူများက ဇူလိုင်လ ၂၇ ရက် ညပိုင်းကလည်း ဆန္ဒပြခဲ့ကြပြီး ဇူလိုင်လ ၂၈ ရက်တွင်လည်း ဆက်လက်ဆန္ဒပြရန် စီစဉ်ထားကြသည်။
မစ္စတာ သာနာကွန် က United Thai Nation Party (UTN) ပါတီ၏ ဒုတိယခေါင်းဆောင်လည်းဖြစ်ကာ ၎င်းအနေဖြင့် MFP ပါတီကိုထောက်ခံသူများ တရားဥပဒေ ကို လိုက်နာစောင့်ထိန်းကြရန် MFP ပါတီက ပြောကြားစေလိုကြောင်းလည်း ပြောခဲ့သည်။ MFP ပါတီထောက်ခံသူများက ထိုင်းတပ်မတော်မှ ခန့်ထားသော အထက်လွှတ်တော်အမတ်များကို ၎င်းတို့ပါတီခေါင်းဆောင် ပီတာ လင်ဂျာ ရွန်ရတ်အား ဝန်ကြီးချုပ်နေရာအတွက် ပူးတွဲမဲပေးပွဲတွင် ထောက်ခံမဲမပေးခဲ့ကြ၍ မကျေမနပ်ဖြစ်ခဲ့ကြခြင်းဖြစ်သည်။
ထို့ပြင် မစ္စတာ သာနာကွန်က UTN ပါတီအနေဖြင့် MFP ပါတီနှင့် ညွန့်ပေါင်းမဟာမိတ်အဖွဲ့တွင် လက်တွဲထားသည့် မည်သည့်ပါတီကိုမဆို ဝန်ကြီးချုပ်နေရာအတွက် ပူးတွဲမဲပေးပွဲတွင် ထောက်ခံမဲပေးမည်မဟုတ်ကြောင်း၊ အဓိကအားဖြင့် MFP ၏ တော်ဝင်မိသားစုအား ပုပ်ခတ်စော်ကားပါက အရေးယူမှုပြုသည့် ဥပဒေကို ပြင်ဆင်ရန် ရပ်တည်ချက်ကြောင့်ဖြစ်ကြောင်း ပြောခဲ့သည်။
၎င်းအား ဖျူထိုင်းပါတီအနေဖြင့် UTN ပါတီအား အစိုးရသစ်ပူးပေါင်းဖွဲ့စည်းရေးချဉ်းကပ်မှုများရှိခဲ့သလောဟု မေးမြန်းကြရာတွင် သာနာကွန်က ၎င်းအနေဖြင့် ကောင်းစွာသတိမပြုမိကြောင်း၊ အကြောင်းမှာ ထိုကိစ္စက အဓိက အားဖြင့် ပါတီခေါင်းဆောင်နှင့်အတွင်းရေးမှူးချုပ်တို့ကသာ ကိုင်တွယ် ခြင်းဖြစ်ကြောင်း ဖြေကြားခဲ့သည်။
သို့ရာတွင် သာနာကွန်က ဆက်လက်ပြောကြားရာ၌ ဖျူထိုင်းနှင့် UTN တို့ နှစ်ပါတီ လက်တွဲဆောင်ရွက်ရေးမှာ မဖြစ်နိုင်စရာ ပြဿနာမရှိဟု ထင်မိကြောင်း၊ နှစ်ပါတီစလုံးက နိုင်ငံ့အကျိုးစီးပွားကို လိုလားဆောင်ရွက်ကြသည်သာဖြစ်ကြောင်း၊ သက်ဆိုင်ရာပါတီများက ညှိနှိုင်းဆွေးနွေးကြခြင်းဖြင့် အခက်အခဲများကိုကျော်လွှားကာ မကြာမီ ဝန်ကြီးချုပ်သစ်ကိုရွေးချယ်နိုင်မည်ဟု ယုံကြည်ပါကြောင်း ဖော်ပြသွားခဲ့သည်။
Ref—-Bangkok Post

