October 18, 2024

၂၈. ၇. ၂၀၂၃
Written By Thandar

သားသမီးနဲ့ မိဘကြားက သံယောဇဉ်ကို ဖော်ကျုးထားတဲ့ ”တွယ်တာနှောင်ကြိုး”ဇာတ်လမ်းတွဲ စာနယ်ဇင်းမိတ်ဆက်ပွဲကို ဇူလိုင် ၂၈ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ ပြည်လမ်းရှိ Novotel Hotel မှာ ကျင်းပခဲ့ပါတယ်။

“ကျွန်တော်နဲ့ မဟာအပလီကေးရှင်းတို့ ပထမဆုံးလက်တွဲတဲ့ ဇာတ်ကားပါ။ ကျွန်တော့်ကို ၂ နှစ်လောက်အချိန်စောင့်ပြီး တောင်းဆိုတဲ့ မမေဝင်းလှိုင်ကိုလည်း ကျေးဇူးတင်ပါတယ်။ ဒီဇာတ်ကားက မဟာနဲ့ ကျွန်တော်ပထမဆုံးလက်တွဲတဲ့ကားဖြစ်သလို ရုပ်ရှင်မှာဆို ကျွန်တော်နဲ့ လက်တွဲနေကျ ဇာတ်ညွှန်းရေးဆရာရှိပေမယ့် ဒီကားမှာတော့ ကျွန်တော်လက်တွဲမလုပ်ဖူးတဲ့ ဇာတ်ညွှန်းရေးဆရာလည်းဖြစ်သလို အနုပညာရှင်တွေကလည်း ကျွန်တော်နဲ့ အတူလက်တွဲမလုပ်ဖူးသေးတဲ့လူတွေပါ။ အဲဒါကလည်း ကျွန်တော့်အတွက် စိန်ခေါ်မှုတစ်ခုဖြစ်ပါတယ်။ တွယ်တာနှောင်ကြိုး ဇာတ်ကားလေးက အိမ်ထောင်ရေးဖောက်ပြန်တယ်ဆိုတာမျိုး တစ်ခုတည်းတင်မဟုတ်ပါဘူး။ ပြန်ပြင်လို့မရတဲ့အမှားတစ်ခုကို ကျူး လွန်မိရင် ကာယကံရှင်တင်မဟုတ်ဘူး သူနဲ့ ဆက်စပ်နေတဲ့ မိသားစုတွေကပါ လိုက်ပါ ခံစားရတယ်ဆိုတာ၊ ယောကျာ်းတစ်ယောက်ရဲ့အမှားတစ်ခုက သူ့အတွက် ဘာမှမဟုတ်ဘူးဆိုရင်တောင် သူနဲ့ပတ်သက်ရတဲ့ မိန်းမတစ်ယောက်အတွက် တစ်ဘဝစာသက်ရောက်မှုရှိပါတယ်။ အဲဒီလိုပဲ ရင်သွေးငယ်တွေအတွက်လည်း ကမ္ဘာတစ်ခြမ်းပြိုတာပါပဲ။ အခန့်မသင့်ရင် ကမ္ဘာတစ်ခုလုံးလည်း ပြိုသွားနိုင်ပါတယ်။ ဒီဇာတ်ကားမှာ ကလေးတွေရဲ့ ခံစားချက်တွေကိုပါ ထည့်သွင်းရိုက်ကူးထားပါတယ်” လို့ ဒါရိုက်တာ သြရသက ပြောပါတယ်။

This image has an empty alt attribute; its file name is photo_2023-07-28_14-50-29-3-1024x579.jpg

ဒီဇာတ်လမ်းတွဲကို ဇာတ်လမ်း ဇာတ်ညွှန်း ထက်မြတ်နိုင်ဇင်က ရေးသားပြီး အကယ်ဒမီဒါရိုက်တာ ဩရသ ပုံဖော်ရိုက်ကူးထားကာ သရုပ်ဆောင်တွေ ဖြစ်တဲ့ အေးချမ်းမောင်၊ ခေးဆက်သွင်၊ မိုးပွင့်ဖြူ၊ မင်းတော်ဝင်၊ ဝေဖြိုး၊ ထူးနိုင်လင်း၊ သဲနော်ဇာ၊ ချိုမဒီသွင်တို့ အပြင် အနုပညာရှင်များစွာပါဝင်သရုပ်ဆောင်ထားပါတယ်။

This image has an empty alt attribute; its file name is photo_2023-07-28_14-50-28-695x1024.jpg

“ဝါရင့် ဒါရိုက်တာတစ်ဦးအနေနဲ့ ညီမကို ဒီကာရိုက်တာလေးကို ယုံကြည်စွာလုပ်ခွင့်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒီဇာတ်ကားမှာ လောင်ရတယ်ဆိုတာမျိုးထက် သားသမီးတွေရဲ့ခံစားချက်တွေကိုပါ မီးမောင်းထိုးပြထားတဲ့ ကားလေးပါ။ ဒီဇာတ်ကားမှာ ညီမရဲ့ ပုံစံနဲ့ သရုပ်ဆောင်ရတဲ့ ကာရိုက်တာအရဆိုရင် စိန်ခေါ်မှုတစ်ခုဖြစ်တဲ့ ကားပါ။ အိမ်ထောင်သည်တစ်ယောက် မိခင်တစ်ယောက်အဖြစ် သရုပ်ဆောင်ဖို့ အများကြီး လေ့လာ ကြိုးစားခဲ့ရပါတယ်။ ညီမတို့တွေ အကောင်းဆုံးကြိုးစားထားတာဖြစ်လို့ ညီမတို့ရဲ့ အနုပညာကို ချစ်မြတ်နိုးတယ်ဆိုရင် ခိုးကူး Link တွေက မကြည့်ဘဲ မဟာမိုဘိုင်း အပလီကေးရှင်းကနေပဲ ကြည့်ပေးဖို့ တောင်းဆိုပါတယ်” လို့ သရုပ်ဆောင် မိုးပွင့်ဖြူက ပြောပါတယ်။

”တွယ်တာနှောင်ကြိုး” ဇာတ်လမ်းတွဲကို ဇူလိုင်၂၉ ရက်ကစတင်ပြီး Mahar Application မှာ ထုတ်လွှင့်ပြသမှာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *