October 18, 2024

MT News

Written by Pan Ei

အခုလက်ရှိ ကမ္ဘာတစ်ဝန်းမှာ ခေတ်အစားဆုံးရုပ်ရှင်ဖြစ်နေတဲ့ Barbie ထဲက မင်းသမီး Margot Robbie က မကြာသေးမီက တီဗီရှိုးတစ်ခုမှာ သူမငယ်ငယ်တုန်းက သူမ မကြိုက်တဲ့ ကလေးထိန်းထွက်ပြေးသွားအောင် သေချင်ယောင်ဆောင်ခဲ့ဖူးတယ်ဆိုတဲ့ ငယ်ဘဝအမှတ်တရအကြောင်းကို ပြောပြခဲ့ပါတယ်။

သရုပ်ဆောင်ကောင်းလို့ ကျော်ကြားရုံသာမကဘဲ ရုပ်ရှင်ရိုက်ကွင်းတွေမှာဆိုလည်း တွဲဖက်သရုပ်ဆောင်တွေကို စနောက်တတ်တယ်လို့ နာမည်ကြီးတဲ့ မင်းသမီး Margot Robbie က ငယ်ရွယ်စဉ်မှာ သူမကို အရင်က ထိန်းခဲ့တဲ့ ကလေးထိန်းကို ပိုသဘောကျခဲ့ပေမဲ့ အသက်ကြီးကြီး ကလေးထိန်းတစ်ယောက်က ထိန်းဖို့ ရောက်လာချိန်မှာတော့ သူမဟာ မပျော်ရွှင်ခဲ့ရတာကြောင့် ထွက်ပြေးသွားအောင်လုပ်ဖို့ အကြံအစည်ကို အကောင်အထည်ဖော်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

သူမ ကြံစည်ခဲ့ပုံကတော့ ခရမ်းချဉ်သီးဆော့ကို သူမကိုယ်လုံးပေါ်လောင်းပြီး ကြမ်းပြင်ပေါ် လှဲချကာ ဘေးမှာလည်း မီးဖိုချောင်သုံး ဓားကြီးတစ်ချောင်းချထားကာ သေဆုံးချင်ယောင်ဆောင်ခဲ့တာဖြစ်ပြီး အဲ့ဒီကလေးထိန်း သူမကို တွေ့ဖို့လည်း ၄၅ မိနစ်လောက်စောင့်ခဲ့ရတယ်လို့ သူမကပြောပါတယ်။

အဲ့ဒီကလေးထိန်းဟာ သူမကို တွေ့တဲ့အခါ အော်ပြီး ထွက်ပြေးသွားခဲ့တယ်လို့ သူမက ပြောခဲ့ပြီး Barbie ထဲက တွဲဖက်သရုပ်ဆောင် Ryan Gosling က “သေချင်ယောင်ဆောင်ခဲ့တာပေါ့” လို့ သူမကို မေးခဲ့ရာမှာတော့ သူမက ဂုဏ်ယူစွာနဲ့ပဲ “ငါလုပ်ခဲ့တယ်” လို့ ပြန်ဖြေခဲ့ပါသေးတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၂၁ ရက်က စတင်ရုံတင်ပြသခဲ့တဲ့ Barbie ရုပ်ရှင်အတွက် သူမနဲ့ တွဲဖက်သရုပ်ဆောင်တွေအပြင် ဒါရိုက်တာ Greta Gerwig တို့က ပရိုမိုးရှင်းပွဲတွေကို အတူတကွ တက်ရောက်ခဲ့ကြပြီး ရုံတင်ငွေအနေနဲ့လည်း ပထမငါးရက်ပြသပြီးချိန်မှာ အမေရိကန်ဒေါ်လာ သန်း ၂၀၀ ကျော်အထိ ရရှိနေပြီပဲ ဖြစ်ပါတယ်။

Ref; The Independent, Variety

Leave a Reply

Your email address will not be published. Required fields are marked *