
၂၈. ၇. ၂၀၂၃
Written by Nay Aung
မြန်မာနိုင်ငံ လူကုန်ကူးဂိုဏ်းများနှင့် ရာဇဝတ်ဂိုဏ်းများ၏ သားကောင်ဖြစ်ခဲ့ရသူ အိန္ဒိယနိုင်ငံသား ၃၇၉ ဦးကို လက်ရှိအချိန်တွင် ပြန်လည်ကယ်တင်ထားနိုင်ကြောင်း အိန္ဒိယအစိုးရက သတင်းထုတ်ပြန်လိုက်သည်။
မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယသံရုံးသည် ကရင်ပြည်နယ် မြဝတီမြို့ကို အခြေပြုလှုပ်ရှားနေသည့် လူကုန်ကူးဂိုဏ်းများလက်ထဲ ပိတ်မိနေသည့် အိန္ဒိယနိုင်ငံသားများကို ပြန်လည်ကယ်တင်နိုင်ရန် ကူညီပေးခဲ့ပြီး ပြီးခဲ့သည့် ဇူလိုင် ၂၆ ရက်နေ့တွင် လူကုန်ကူးဂိုဏ်းများ၏ သားကောင်ဖြစ်ခဲ့ရသော အိန္ဒိယနိုင်ငံသား ၁၅ ဦးကို မိခင်နိုင်ငံသို့ ပြန်ပို့ပေးနိုင်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။
ထို့အပြင် မြန်မာနိုင်ငံရှိ လူကုန်ကူးဂိုဏ်းများထံတွင် ပိတ်မိနေဆဲဖြစ်သော အိန္ဒိယနိုင်ငံသားများ ဘေးကင်းလုံခြုံစွာနှင့် ပြန်လွတ်မြောက်စေရန် ကြိုးပမ်းလျက်ရှိနေကြောင်း အိန္ဒိယအစိုးရက ပြောသည်။
အိန္ဒိယနိုင်ငံသားများသည် မြင့်မားသောလစာဖြင့် အလုပ်အကိုင်အခွင့်အလမ်းကောင်းများရရှိမည်ဟု အွန်လိုင်းမှတစ်ဆင့် မက်လုံးပေးခေါ်ယူခံရပြီးနောက် မြန်မာလူကုန်ကူးဂိုဏ်းများ၊ ရာဇဝတ်ဂိုဏ်းများ၏ သားကောင်ဖြစ်ခဲ့ရပြီး ဥပဒေနှင့် မညီသော လိမ်လည်မှုများရာဇဝတ်မှုများအတင်းအကြပ်ခိုင်းစေခံခဲ့ရသည်။
ပြီးခဲ့သော မတ်လ ၁၆ ရက်နေ့ကလည်း မြန်မာလူကုန်ကူးဂိုဏ်းများလက်ထဲတွင် ပိတ်မိနေသည့် အိန္ဒိယနိုင်ငံသား ၈ ဦးကို ပြန်ကယ်တင်ပြီး မိခင်နိုင်ငံသို့ ပြန်ခေါ်ယူနိုင်ခဲ့ကြောင်း အိန္ဒိယအစိုးရက ဆိုသည်။ လူကုန်ကူးခံရသော အိန္ဒိယနိုင်ငံသားများသည် နယ်စပ်ဒေသကို တရားမဝင်ဖြတ်သန်းဝင်ရောက်လာခဲ့ပြီးနောက် လူကုန်ကူးဂိုဏ်းများ၊ ရာဇဝတ်ဂိုဏ်းများ၏ သားကောင်အဖြစ် လုပ်ကိုင်နေခဲ့ရကြောင်း သိရသည်။
အိန္ဒိယနိုင်ငံသားများအနေဖြင့် မြင့်မားသောလစာဖြင့် အလုပ်ကိုင်အခွင့်အလမ်းကောင်းများရရှိမည်ဟု အွန်လိုင်းမှတစ်ဆင့် မက်လုံးပေးခေါ်ယူမှုများကို မယုံကြည်ရန် မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယသံရုံးက တိုက်တွန်းအကြံပြုထားသည်။
Ref- aninews