October 18, 2024

၂၈. ၇. ၂၀၂၃
Written by Peya

တရုတ်ယောကျာ်းယူပါက သိန်း ၅၀ မှ သိန်း ၁၀၀ ကျော် အထိ ရမည်ဟု စည်းရုံးကာ အမျိုးသမီးငယ် ၃ ဦးကို ရောင်းစားရန် ကြံသူများအား ထောင်ဒဏ် နှစ် ၂၀ စီ ချမှတ်လိုက်ကြောင်း မူဆယ်ခရိုင်တရားရုံး၏ သတင်း အချက်အလက်များအရ သိရသည်။

ထောင်ဒဏ်ချမှတ်ခံရသူများမှာ ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်နေသူ ဒေါ်ခမ်းစိန် (ခ) မရှမ်းမ၊ ရှမ်းပြည်နယ် မူဆယ်မြို့နေ မခင်ချိုသက်၊ ခင်သူသူ (ခ) အကြီးမ နှင့် ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နေ မဝင်းဝင်းတို့ ဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ၎င်းတို့ ၄ ဦးသည် မန္တလေးတိုင်းဒေသကြီးနေ ၂၂ နှစ်အရွယ် အမျိုးသမီး၊ ဧရာဝတီတိုင်းဒေသကြီးနေ အသက် ၁၉ နှစ်နှင့် ၁၈ နှစ်အရွယ် အမျိုးသမီး၊ ရန်ကုန်တိုင်းဒေသကြီးနေ အသက် ၁၉ နှစ်အရွယ် အမျိုးသမီးတို့ကို တရုတ်ယောကျာ်းယူပါက မြန်မာငွေ ကျပ်သိန်း ၅၀ မှ ၁၀၀ ကျော်အထိ ရမည်ဟုဆိုကာ စည်းရုံးခေါ်ဆောင်ပြီး တရုတ်ယောကျာ်းများထံ ရောင်းစားရန် ကြံစည်ခဲ့ခြင်းဖြစ်ကြောင်း တရားရုံးက သိရသည်။

ထို့ကြောင့် မူဆယ်မြို့မရဲစခန်းက တရားစွဲဆိုတင်ပို့ခဲ့ရာ ဇူလိုင်လ ၂၆ ရက်တွင် ဒေါ်ခမ်းစိန် (ခ) မရှမ်းမကို လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ဥပဒေ ပုဒ်မ ၃၇ (ခ) အရ ထောင်ဒဏ် ၃ နှစ်၊ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ဥပဒေ ပုဒ်မ ၃၈ (က) အရ အလုပ်နှင့် ထောင်ဒဏ်နှစ် ၂၀ သီးခြား ကျခံစေရန်နှင့် မခင်ချိုသက်၊ မခင်သူသူ (ခ) အကြီးမ နှင့် မဝင်းဝင်းတို့ကို လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ဥပဒေ ပုဒ်မ ၃၈ (က) အရ အလုပ်နှင့် ထောင်ဒဏ် နှစ် ၂၀ စီ ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *