October 18, 2024

၂၈. ၇. ၂၀၂၃
Written by Nay Aung

မြန်မာနိုင်ငံ၊ မြဝတီမြို့ရှိ လူကုန်ကူးဂိုဏ်းများ၏ သားကောင်ဖြစ်ခဲ့သော အမျိုးသား ၂၁ ဦးနှင့် အမျိုးသမီး ၅ ဦးပါဝင်သော အင်ဒိုနီးရှားနိုင်ငံသား ၂၆ ဦးကို ပြန်လည်ကယ်ထုတ်နိုင်ခဲ့ကြောင်း ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ အင်ဒိုနီးရှားသံရုံးက ထုတ်ဖော်ပြောဆိုလိုက်သည်။

အင်ဒိုနီးရှားသံရုံးသည် မြန်မာ လူဝင်မှုကြီးကြပ်ရေးဌာနနှင့်ပူးပေါင်းပြီး အင်ဒိုနီးရှားနိုင်ငံသားများကို ပြန်လည်ကယ်တင်နိုင်ရန် ကြိုးပမ်းခဲ့ခြင်းဖြစ်ကြောင်း၊ အင်ဒိုနီးရှားနိုင်ငံသား ၂၆ ဦးကို မြဝတီမြို့ရဲစခန်းမှ ရန်ကုန်မြို့သို့ ပြန်လည်ခေါ်ဆောင်ခဲ့ပြီး အင်ဒိုနီးရှားသံရုံးထံ ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။

အဆိုပါ အင်ဒိုနီးရှားနိုင်ငံသားများသည် ၂၀၂၂ ခုနှစ် နှစ်လည်ပိုင်းမှ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလအတွင်း ထိုင်းနိုင်ငံ မဲဆောက်မြို့လူမှောင်ခိုကူးလမ်းကြောင်းမှတစ်ဆင့် မြန်မာနိုင်ငံဘက်ခြမ်းသို့ ပို့ဆောင်ခံရသူများဖြစ်ကြောင်း သိရသည်။

အဆိုပါအင်ဒိုနီးရှားနိုင်ငံသားများထဲတွင် တရားဝင် ဗီဇာဖြင့် ဝင်ရောက်ခဲ့သူတစ်ဦးပါဝင်ခဲ့သလို ဗီဇာသက်တမ်းကျော်လွန်နေသူတစ်ဦး ပါဝင်ခဲ့ပြီး ကျန်သူများကတရားမဝင် ဝင်ရောက်လာသူများဖြစ်ကြောင်း သိရသည်။

အင်ဒိုနီးရှားသံရုံးက အင်ဒိုနီးရှားနိုင်ငံသားများကို လူဝင်မှုကြီးကြပ်ရေးဥပဒေ ချိုးဖောက်မှုများအတွက် ဒဏ်ငွေရိုက်ခြင်း သို့မဟုတ် အခြားပြစ်ဒဏ်ပေးခြင်းမျိုးမလုပ်ဘဲ မိခင်နိုင်ငံထံ ပြန်ပို့ခွင့်ပေးရန် မြန်မာအာဏာပိုင်များထံ တောင်းဆိုထားကြောင်း သိရသည်။

အင်ဒိုနီးရှားနိုင်ငံသား ၂၆ ဦးအနက် ၉ ဦးသည် လူကုန်ကူးဂိုဏ်းများ၏သားကောင်ဖြစ်ခဲ့ရသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း မြန်မာအာဏာပိုင်များကပြောဆိုထားသည်။ ကျန်ရှိနေသူ ၁၇ ဦးကို အင်ဒိုနီးရှားသံရုံးတွင် ထပ်မံစစ်ဆေးသွားမည်ဖြစ်ကြောင်း၊ အဆိုပါ အင်ဒိုနီးရှားနိုင်ငံသား ၂၆ ဦးသည် စစ်ဆေးမှုလုပ်ငန်းစဉ်များ ပြီးဆုံးချိန်မှသာ အခြေနေများကို သိရမည်ဖြစ်ရာ မိခင်နိုင်ငံသို့ ပြန်ရန် စောင့်ဆိုင်းရဖွယ်ရှိနေကြောင်း အင်ဒိုနီးရှားသံရုံးက ပြောသည်။

Ref- antaranews

Leave a Reply

Your email address will not be published. Required fields are marked *