
MT News
၂၈. ၇. ၂၀၂၃
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရဲ့ ၂၀၂၃ ခုနှစ်၊ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ မဟာမင်္ဂလာအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက နေပြည်တော်ကောင်စီနယ်မြေ၊ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ပရိဝုဏ်တော်အတွင်းရှိ သာသနာ့မဟာဗိမာန်တော်ကြီး၌ ကျင်းပပြုလုပ်ခဲ့ပြီး SAC ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဇနီး ဒေါ်ကြူကြူလှတို့ တက်ရောက်ကြည်ညိုပြီး ဝါဆိုသင်္ကန်းနဲ့ လှူဖွယ်ပစ္စည်းတွေ ဆက်ကပ်လှူဒါန်းခဲ့ပါတယ်။
အဆိုပါ အခမ်းအနားကို နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့အကျိုးတော်ဆောင် ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့၊ မင်းကျောင်းပထမပြန်စာသင်တိုက်၊ ပဓာန နာယက၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တ စန္ဒိမာ ဘိဝံသ အမှူးပြုတဲ့ ဥပ္ပါတသန္တိစေတီတော်ဂေါပကအဖွဲ့ရဲ့ ဩဝါဒါစရိယ ဆရာတော် ကြီးများအပါအဝင် ပင့်ဖိတ်ထားတဲ့ ဆရာတော်ကြီး ၂၇ ပါး ကြွရောက်ချီးမြှင့်တော်မူကြပါတယ်။
ဒီအခမ်းအနားမှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နဲ့ဇနီး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနဲ့ဇနီး ဒေါ်သန်းသန်းနွယ်၊ ကောင်စီအတွင်းရေးမှူးနဲ့ဇနီး၊ တွဲဖက်အတွင်းရေးမှူးနဲ့ဇနီး၊ ကောင်စီဝင်များနဲ့ဇနီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများနဲ့ဇနီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊လေ) နဲ့ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနဲ့ ဇနီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနဲ့ တာဝန်ရှိသူများ တက်ရောက်ကြပြီး သံဃာတော်တွေကို ဝါဆိုသင်္ကန်း လှုဒါန်းကပ်လှူခဲ့ပါတယ်။





