၂၇. ၇. ၂၀၂၃
Written by Nay Aung
ThaiBev စီးပွားရေးလုပ်ငန်းစုက ထိန်းချုပ်ထားသော အစားအစာနှင့်အဖျော်ယမကာ ထုတ်လုပ်ရေး Fraser & Neave (F&N)ကုမ္ပဏီသည် လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၌ ၎င်းတို့၏ဘီယာလုပ်ငန်းကို တိုးချဲ့လုပ်ကိုင်ရန်အတွက် ဘီယာစက်ရုံအသစ်တည်ဆောက်နိုင်ရန်စီစဉ်နေပြီး ပြည်တွင်းကုမ္ပဏီတစ်ခုဖြစ်သော Win Brothers နှင့် အကျိူးတူပူးပေါင်းကာ ထိုင်းဘတ် ၄၉၅ သန်း ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ကြောင်း သိရသည်။
ThaiBev ၏ လက်အောက်ခံ ကုမ္ပဏီတစ်ခုဖြစ်သော Fraser & Neave (F&N)သည် ပြီးခဲ့သော မတ်လတွင် Win Brothers ကုမ္မဏီနှင့်အတူ Sapphire Brewery Myanmar Ltd (SBML) ကုမ္ပဏီကို တည်ထောင်ခဲ့ပြီးအဆိုပါဘီယာကုမ္ပဏီတွင် ရှယ်ယာ ၈၀ ရာခိုင်နှုန်း ပိုင်ဆိုင်မည်ဖြစ်ကာ Win Brothers က ကျန်ရှယ်ယာများကို ပိုင်ဆိုင်မည်ဖြစ်ကြောင်း သိရသည်။
လက်ရှိအချိန်တွင် F&N သည် မြန်မာနိုင်ငံ၌ တည်ဆောက်မည့် ဘီယာစက်ရုံ တည်နေရာနှင့် ဘီယာအမည်ကို ထုတ်ဖော်ပြောဆိုခြင်းမျိုး မရှိသေးကြောင်း သိရသည်။ ThaiBev စီးပွားရေးလုပ်ငန်းစုကို ထိုင်းနိုင်ငံရှိ အချမ်းသာဆုံးသူဌေးကြီးများထဲတွင် တတိယနေရာရပ်တည်သော ဘီလျံနာသူဌေးကြီး Charoen Sirivadhanabhakdi ဆိုသူက ပိုင်ဆိုင်ပြီး အမေရိကန်ဒေါ်လာ ၃ ဒသမ ၃ ဘီလျံကြွယ်ဝချမ်းသာကြောင်း Forbes magazine က ဆိုသည်။
F&N သည် ၁၉၉၇ ခုနှစ်က မြန်မာနိုင်ငံရှိ Asia Pacific Breweries ကုမ္ပဏီရှိ ရှယ်ယာ ၅၅ ရာခိုင်နှုန်းကို ဝယ်ယူပြီး မြန်မာ့ဘီယာဈေးကွက်ကို စတင်ဝင်ရောက်ခဲ့သော် လည်း ၂၀၁၅ ခုနှစ်တွင် မြန်မာနိုင်ငံမှ ထွက်ခွာသွားခဲ့သည်။ မြန်မာဘီယာဈေးကွက်မှ Fraser & Neave (F&N) ကုမ္ပဏီထွက်ခွာသွားခဲ့ပြီးနောက် ThaiBev စီးပွားရေးလုပ်ငန်းစုသည် မြန်မာနိုင်ငံတွင် လုပ်ငန်းများ တိုးချဲ့၍ ဆက်လက်လုပ်ကိုင်ခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် မြန်မာနိုင်ငံအတွင်း လူသိများသော ဝီစကီဖြစ်သည့် Grand Royal ကို ထုတ်လုပ်သော Myanmar Distillery ကုမ္ပဏီတွင်ရှယ်ယာ ၇၅ ရာခိုင်နှုန်းအထိ ပိုင်ဆိုင်လာခဲ့ကြောင်း သိရသည်။
Fraser & Neave (F&N) သည် ၂၀၁၉ ခုနှစ်တွင် မြန်မာဘီယာဈေးကွက်ကို တစ်ကျော့ပြန်ဝင်ရောက်လာခဲ့ပြီး မြန်မာမိတ်ဖက်ကုမ္မဏီနှင့်အတူ Chang Beer ကို ထုတ်လုပ်မည့် Emerald Brewery ကို တည်ထောင်ခဲ့ကာ အမေရိကန်ဒေါ်လာ သန်း ၇၀ ကျော် ရင်းနှီးမြှုပ်နှံခဲ့ကြောင်း သိရသည်။
ThaiBev သည် မြန်မာနိုင်ငံရှိ မိတ်ဖက်ကုမ္မဏီများနှင့် အကျိုးပူးပေါင်းလုပ်ကိုင်ရာမှ မြန်မာအစိုးရကို အခွန်ငွေအများအပြားပေးဆောင်နေသည့် ပြည်ပကုမ္မဏီများထဲတွင် ပါဝင်နေကြောင်းသိရသည်။ ThaiBev စီးပွားရေးလုပ်ငန်းစုသည် ၎င်းတို့ ထုတ်လုပ်သော Grand Royal ဝီစကီတစ်မျိုးတည်းအတွက် ၂၀၂၁ ခုနှစ် ပထမလေးလပတ်အတွင်း မြန်မာအစိုးရကို အခွန်ငွေ အမေရိကန်ဒေါ်လာ ၁၄ သန်းပေးဆောင်ခဲ့ရကြောင်း သိရသည်။
Ref- Bangkokpost