October 18, 2024

ရည်ရွယ်မိုးရုပ်ရှင်ဇာတ်ကားကြီး ရုံတင်ပြသချိန်မှာ ထင်ထားတာထက် စံချိန်ချိုး အမြတ်ငွေ ရရှိခဲ့သလို အထိန်းတော်ဇာတ်ကားမှာလည်း ဝင်ငွေအကောင်းဆုံးဖြစ်လာ

၂၇. ၇. ၂၀၂၃
Written By Thandar

အဆိုတော် နေဝင်း၊ ရဲရင့်အောင်၊ မေမြင့်မိုရ်၊ အကယ်ဒမီ ကျော်ရဲအောင်တို့ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ “ရည်ရွယ်မိုး” ရုပ်ရှင်ဇာတ်ကားကြီး ရုံတင်ပြသချိန်မှာ ထင်ထားတာထက်စံချိန်ချိုး အမြတ်ငွေ ရရှိခဲ့တယ်လို့  Bo Bo Entertainment က ကိုဘိုစန်းက ပြောပါတယ်။

လက်ရှိအချိန်မှာ ရုပ်ရှင်ပြသနေတဲ့ ရုပ်ရှင်ရုံတွေ တော်တော်များများ ပရိသတ်တွေ ရုံထဲဝင်ရောက် ကြည့်ရှုပြီး အားပေးမှု ပိုမိုများပြားလာတာကြောင့် အမြတ်ငွေတွေ စံချိန်ချိုးရရှိလာတာလည်း ဖြစ်ပါတယ်။

“ကျွန်တော်တို့ မကြာခင် ရက်ပိုင်းကလည်း ဒီဇာတ်ကားကို ပရိသတ်အားပေးမှုကြောင့် အောင်မြင်မှု ရရှိခဲ့လို့ အလှူလေးလုပ်ဖြစ်ခဲ့ပါတယ်။ ရည်ရွယ်မိုး ဇာတ်ကားက လူငယ်ပရိသတ်တွေ အကြိုက်တွေ့စေခဲ့တာမို့ မှတ်တိုင်တစ်ခု စိုက်ထူခွင့်ရတယ်လို့ ကျွန်တော်မြင်ပါတယ်။ ရည်ရွယ်မိုးကြောင့် ရုပ်ရှင်ရုံထဲ ပရိသတ်ဝင်ကြည့်မှုတွေလည်း ဖြစ်လာတယ်။ လက်ရှိ အထိန်းတော်ကတော့ ဝင်ငွေအကောင်းဆုံးကားပါပဲ။ တောက်လျှောက် ကားတွေ ရိုက်ကြတယ်။ အစက ပရိသတ်က မကြည့်ပေမယ့် အခု ပရိသတ် ပြန်ကြည့်တယ်ဆိုတော့ ဝမ်းသာပါတယ်။ ပုံမှန်နဂိုဝင်ငွေကိုတော့ မမီဘူးပေါ့။ ရုပ်ရှင်တစ်ကားက အရင်ပြတုန်းက တစ်ပတ်အတွင်း သိန်းသောင်း ဂဏန်းလောက်ရတယ်။ ခန့်မှန်းထားတာထက် ရည်ရွယ်မိုး ဇာတ်ကားအောင်မြင်မှုရရှိခဲ့တယ်။ စံချိန်လည်း အများကြီး ကျော်သွားပါတယ်။ ရုံက ၄၀ ကျော်လောက်ပဲဖွင့်သေးတယ်။ ဒါပေမယ့် ခုချိန်မှာ ပရိသတ်တွေ ပြန်အားပေးတာပဲ ကျေးဇူးတင်ပါတယ်။ ရည်ရွယ်မိုးရော အထိန်းတော် ကားတွေက ထင်ထားတာထက် မြတ်ပါတယ်”လို့ Bo Bo Entertainment ထုတ်လုပ်သူ ကိုဘိုစန်းက ပြောပါတယ်။

This image has an empty alt attribute; its file name is IMG_20230727_174103_491.jpg

အဆိုပါ ထုတ်လုပ်ရေးက ယခင်ပြသခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားတွေဖြစ်တဲ့ ပြဿနာ ဇာတ်ကား၊ Player ဇာတ်ကား ၊ ရိုးမပေါ်ကျတဲ့ မျက်ရည် ဇာတ်ကားအပြင် တခြားဇာတ်ကားတွေမှာလည်း ပရိသတ်အားပေးမှု စံချိန်ချိုးခဲ့တဲ့အတွက် ကိုဘိုစန်းက အလှူအတန်းတွေလုပ်ခဲ့သူလည်း ဖြစ်ပါတယ်။ 

Bo Bo entertainment ဟာ တေးဂီတဖျော်ဖြေပွဲတွေ ၊ ရုပ်ရှင်ဇာတ်ကားတွေများစွာ ရိုက်ကူးတင်ဆက်ခဲ့တဲ့အပြင် အမုန်း ဇာတ်လမ်းတွဲဟာလည်း ပရိသတ်အကြားမှာ ရေပန်းစားခဲ့ပါသေးတယ်။

ရည်ရွယ်မိုး ရုပ်ရှင်ဇာတ်ကားနဲ့ အထိန်း‌တော် ဇာတ်ကားဟာ တစ်ကားကို ကျပ် သိန်း ၃၀၀၀ ကျော် သိန်း ၄၀၀၀ နီးပါး အကုန်အကျခံ ရိုက်ကူးခဲ့တဲ့ကားတွေလည်း ဖြစ်တယ်လို့ သိရပါတယ်။ ရည်ရွယ်မိုး ရုပ်ရှင် အောင်မြင်မှုရရှိအောင် ကြိုးစားပေးကြတဲ့  အဓိကဇာတ်ဆောင်တွေကို ကျပ် ၁၀ သိန်းကျော်တန်ဖိုးရှိ ရွှေရင်ထိုးပေးခဲ့ပါတယ်။ ကားတိုင်း အောင်မြင်တာ မဟုတ်ပေမယ့် ရိုက်ပြီး မကြိုက်တဲ့ကားတချို့ကို Channel လိုင်းတွေဆီ အရှုံးခံရောင်းချလာတာလည်း ရှိတယ်လို့ဆိုပါတယ်။

မကြာခင်ကာလမှာလည်း အရင်လို ပရိသတ်အကြိုက်တွေ့စေမယ့် နာမည်ကြီးအဆိုတော်တွေနဲ့ တေးဂီတဖျော်ဖြေပွဲကို Bo Bo Entertainment က ကျင်းပဖို့လည်း စီစဥ်နေတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *