October 18, 2024

၂၇. ၇. ၂၀၂၃
written by Htwe Ko Tun

မြန်မာနိုင်ငံကို အားအလွန်ကောင်းတဲ့ ဆိုင်ကလုံး မိုခါ ဖြတ်သန်းသွားခဲ့တဲ့ မေလ ၁၄ ရက်မှာပဲ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံမှာ အထွေထွေရွေးကောက်ပွဲကျင်းပခဲ့တာ ခုဆိုရင် နှစ်လကျော် ကြာလာပါပြီ။ သာမန်အားဖြင့် နိုင်ငံတစ်နိုင်ငံမှာ အထွေထွေရွေးကောက်ပွဲဆိုတာ သတ်မှတ်သက်တမ်း ကာလအလိုက် ပုံမှန်ကျင်းပမြဲမို့ အထူးအထွေတော့မဟုတ်ပါဘူး။ ရွေးကောက်ပွဲအပြီးမှာ ရွေးကောက်ပွဲနဲ့ပတ်သက်လို့ အငြင်းအခုန်ဖြစ်ကြတာတော့ ဒီမိုကရေစီနိုင်ငံကြီးတွေဆိုတဲ့ အမေရိကန်မှာတောင် တွေ့ ရသေးတာမို့ အချိန်တန်ရင်တော့ ပြီးသွားမှာပါပဲ သဘောထားလို့ရပါသေးတယ်။

ထိုင်းနိုင်ငံရွေးကောက်ပွဲကတော့ ပါတီတွေအကြား ဒီလိုအငြင်းပွားမှုတွေ မတွေ့ခဲ့ရပါဘူး။ ဒါပေမယ့် ရွေးကောက်ပွဲအပြီးမှာတော့ ပါတီတစ်ခုတည်းက ဦးဆောင်ပြီး အစိုးရအဖွဲ့ဖွဲ့နိုင်လောက်အောင် ဝန်ကြီး ချုပ်နေရာရရှိရေးအတွက် ပါလီမန်မှာ လွတ်လွတ်ကျွတ်ကျွတ်နေရာမရခဲ့ကြတာပါပဲ။ မဲအများဆုံး ရခဲ့ကြတဲ့ ပါတီနှစ်ခုဖြစ်တဲ့ Move Forward Party (MFP) နဲ့ ဖျူထိုင်းပါတီတို့ကတောင် အမတ်‌နေရာ ၁၅၁ နေရာနဲ့ ၁၄၁ နေရာပဲ အသီးသီးရခဲ့ကြတာပါ။ ဒီတော့ ဝန်ကြီးချုပ်နေရာအတွက် အထက်လွှတ်တော် အမတ် ၂၅၀ နဲ့ အောက်လွှတ်တော်အမတ် ၅၀၀ ရဲ့ ပူးတွဲမဲပေးပွဲမှာ ဝန်ကြီးချုပ်ဖြစ်ဖို့လိုအပ်တဲ့ အမတ်နေရာစုစုပေါင်းရဲ့ထက်ဝက်ဖြစ်တဲ့ ၃၇၅ နေရာကိုကျော်လွန်ဖို့ သူတို့နှစ်ပါတီအင်အားနဲ့မပြည့်မီသေးပါဘူး။

ဒီတော့ ဝန်ကြီးချုပ်နေရာရချင်ခဲ့တဲ့ MFP ခေါင်းဆောင် ပီတာ လင်ဂျာရွန်ရတ်က ဖျုထိုင်းပါတီအပြင် အခြားခြောက်ပါတီနဲ့ပူးပေါင်းမဟာမိတ်ဖွဲ့ကာ ရှစ်ပါတီညွန့်ပေါင်းမဟာမိတ်အဖွဲ့ကို ဖွဲ့ခဲ့ကြပါတယ်။ သူတို့ရှစ်ပါတီပေါင်းတာတောင်မှ အမတ်နေရာ ၃၁၂ နေရာပဲရတော့ ပီတာအဖို့ ဝန်ကြီးချုပ်နေရာအတွက် ပူးတွဲမဲပေးပွဲမှာ ထိုင်းနိုင်ငံရဲ့ဝန်ကြီးချုပ်သစ်အဖြစ်အရွေးခံရဖို့ ၆၄ နေရာလိုနေပါသေးတယ်။ လိုနေတဲ့ ထောက်ခံမဲရနိုင်ဖို့ ပီတာခေါင်းဆောင်တဲ့ MFP အနေနဲ့ ပူးတွဲမဲပေးပွဲ စတင်ကျင်းပတဲ့ ဇူလိုင် ၁၃ ရက်မှာ မျှော်လင့်ခဲ့ရပါတော့တယ်။

ပြဿနာက ဒီမှာစတာလို့လည်းဆိုနိုင်ပါတယ်။ ရွေးကောက်ပွဲမှာမဲအများဆုံးရတဲ့ပါတီလို့သိရတာနဲ့ပဲ ပီတာက ဝန်ကြီးချုပ်ဖြစ်ရင် ထိုင်းစစ်တပ်ကို ပြုပြင်ပြောင်းလဲရေးလုပ်မယ်။ ထိုင်းနိုင်ငံရဲ့ဘုရင်စနစ်ကို လည်း ပြုပြင်ပြောင်းလဲရေးလုပ်မယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ထိုင်းနိုင်ငံတော်ဝင်မိသားစုကို ပုပ်ခတ်စော်ကားမှုတွေကို ဥပဒေအရ အရေးယူမှု ပြင်ဆင်သွားမယ်လို့ အသံတွေကျယ်ခဲ့ပါတယ်။

ထိုင်းနိုင်ငံမှာ အထက်လွှတ်တော်အမတ်၂၅၀ ဆိုတာက အောက်လွှတ်တော်လို ရွေးကောက်ခံအမတ်တွေ မဟုတ်ဘဲ ထိုင်းဘုရင့်တပ်မတော်က တိုက်ရိုက်ခန့်ထားသူတွေပါ။ ဒီတော့ သူတို့ထဲမှာအများစုက Lese Majesty လို့ခေါ်တဲ့ ထိုင်းတော်ဝင်မိသားစုကို စော်ကားမှုအပေါ် ရာဇဝတ်မှုအဖြစ် အရေးယူတဲ့ဥပဒေကို ပီတာက ပြင်ဆင်ဖို့ကြိုးစားလာတာကို လုံးဝလက်မခံနိုင်ကြပါဘူး။ ထိုင်းတပ်မတော်ကို ပြုပြင်ပြောင်းလဲရေးတွေလုပ်မယ်ဆိုတာကိုလည်း သူတို့ကလက်ခံကြမယ်မထင်ပါဘူး။ သက်သေအနေနဲ့ပြရမယ်ဆိုရင်တော့ ဇူလိုင် ၁၃ ရက်မှာကျင်းပတဲ့ ဝန်ကြီးချုပ်နေရာ ပူးတွဲမဲပေးပွဲမှာ အထက်လွှတ်တော်အမတ် ၂၄၉ ဦး(၂၅၀ ဦးရှိတဲ့အနက် တစ်ဦးက မဲပေးပွဲမတိုင်ခင် နုတ်ထွက်သွား) ရှိတဲ့အနက် ၁၃ ဦးကသာ ပီတာကို ဝန်ကြီးချုပ်နေရာအတွက် ထောက်ခံမဲပေးခဲ့ပါတာပါပဲ။

ဒီမှာ ပီတာက အလျှော့မပေးသေးဘဲ ဇူလိုင် ၁၉ ရက်မှာ သူ့ကို ဒုတိယအကြိမ် ဝန်ကြီးချုပ်အဖြစ် ပါလီမန်မှာထပ်မံအဆိုပြုဖို့ ကြိုးစားလာခဲ့ပါတယ်။ ဒါပေမယ့် အဲဒီနေ့မှာ အခုလို ဝန်ကြီးချုပ်လောင်းအဖြစ် တစ်ဦးတည်းနှစ်ကြီမ်အဆိုပြုတာက ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မညီဘူးလို့ ကန့်ကွက်မှုတွေလည်း ရှိလာပါတယ်။ ဒါနဲ့ ဇူလိုင် ၁၉ ရက် ညနေပိုင်းက ပါလီမန်မှာမဲခွဲကြရာမှာတော့ အခုလို ပီတာကို ဝန်ကြီးချုပ်အဖြစ် ဒုတိယအကြိမ် အဆိုပြုမှုကို ကန့်ကွက်သူ ၃၉၅ မဲ၊ ထောက်ခံသူ ၃၁၂ မဲ၊ ကြားနေမဲ ရှစ်မဲနဲ့ မဲမပေးဘဲနေသူ တစ်မဲရှိလို့ ပီတာရဲ့ ဒုတိယအကြိမ် အားထုတ်မှုကလည်း အရေးနိမ့်ခဲ့ရပြန်ပါတယ်။

ဒါတင်မက ပီတာကို ပါလီမန်အပြင်ဘက်မှာလည်း တိုက်ခိုက်မှုတွေရှိလာပါတယ်။ သူ့အနေနဲ့ မီဒီယာ လုပ်ငန်းတစ်ခုဖြစ်တဲ့ iTV မှာ အစုရှယ်ယာ ၄၈,၀၀၀ ပိုင်ဆိုင်ခဲ့တာကြောင့် ထိုင်းနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေ အရ ရွေးကောက်ပွဲပါဝင်ယှဉ်ပြိုင်မှုဟာ တရားမဝင်လို့ တိုင်ကြားချက်တွေရှိလာပါတယ်။ ဇူလိုင် ၁၉ ရက်မှာတော့ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက ပီတာ့ကို အောက်လွှတ်တော်အမတ်အဖြစ်က ရပ်ဆိုင်းဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါ့ပြင် အခြားသောပြစ်ဒဏ်တွေရှိကောင်းရှိလာနိုင်ပါသေးတယ်။

တစ်ခါ ဝန်ကြီးချုပ်ဖြစ်ဖို့ ပီတာရဲ့အားထုတ်မှုရှုံးနိမ့်လို့ ဖျူထိုင်းပါတီက ဝန်ကြီးချုပ်လောင်းအဆိုပြုဖို့ နီးကပ်လာတဲ့အချိန်မှာပဲ ဖျူထိုင်းပါတီရဲ့ခေါင်းဆောင်ဟောင်း လူသိများလှတဲ့ ဝန်ကြီးချုပ်ဟောင်းလည်းဖြစ်တဲ့ သက်ဆင် ရှီနာဝါထရာက ဩဂုတ် ၁၀ ရက်မှာ ထိုင်းကိုပြန်လာမယ်လို့ ပြောခဲ့ပါတယ်။ သူ့အပေါ် စွဲဆိုထားတဲ့အမှုပြစ်ဒဏ်တွေကြောင့် ပြည်ပကိုရှောင်တိမ်းနေတဲ့ သက်ဆင်က သူ့အနေနဲ့ မိမိတိုင်းပြည်မှာ မိသားစုနဲ့အတူ မြေးလေးတွေကို မနက်ကျောင်းလိုက်ပို့ရင်း ဘဝရဲ့ကျန်သေးတဲ့အချိန်တွေကို ကုန်ဆုံးချင်ပါပြီ။ နိုင်ငံရေးလည်းမလုပ်လိုတော့ပါလို့ ဆိုခဲ့ပါတယ်။

ထိုင်းနိုင်ငံ အကျဉ်းဦးစီးဌာနကတော့ သက်ဆင်ကို လေဆိပ်ရောက်တာနဲ့ တရားရုံးခေါ်သွား၊ ဒီ့နောက်မှာ တော့ သူ့ကိုသက်ကြီးအကျဉ်းသားအဖြစ် ကျန်းမာရေးအတွက် ဆေးကုသဖို့ ဆေးရုံတင်ပေးထားမယ်လို့ ဆိုခဲ့ပါတယ်။ တစ်ခါ ကြားဖြတ်အစိုးရ တရားရေးဝန်ကြီး မစ္စတာ ဝစ်ဆာနုက သက်ဆင်အနေနဲ့ အခြားသော အကျဉ်သားတွေလိုပဲ ပြစ်ဒဏ်ရဲ့ ပထမဆုံးနေ့မှာပဲ ဘုရင်မင်းမြတ်ဆီက လွတ်ငြိမ်းချမ်းသာခွင့် အသနားခံမှုတောင်းဆိုနိုင်တယ်လို့ ဆိုခဲ့ပါတယ်။

တစ်ခါ ၂၀၀၆ ခုနှစ်က ဝန်ကြီးချုပ်သက်ဆင်ဆီက အာဏာသိမ်းခဲ့မှုမှာ ခေါင်းဆောင်ခဲ့တဲ့ ထိုင်းတပ်မတော်အကြီးအကဲဟောင်း ဗိုလ်ချုပ်ကြီး(ငြိမ်း) ဆွန်သီကလည်း သက်ဆင် ထိုင်းနိုင်ငံဆီ ပြန်လာဖို့ခွင့်ပြုသင့်ပြီဖြစ်ကြောင်း၊ သက်ဆင် ရင်ဆိုင်နေရတဲ့အမှုတွေကို ဥပဒေအရရင်ဆိုင်နိုင်မှာဖြစ်ပြီး အမျိုးသားစည်းလုံးညီညွတ်မှုရှိရေးအတွက်လည်း အခွင့်အလမ်းကောင်းတစ်ရပ်လို့ ဇူလိုင်လ ၂၇ ရက်မှာ ဆိုခဲ့ပါတယ်။

လက်ရှိမှာ သက်ဆင်ရဲ့ သမီး ပေတုံတန်တို့ ဖျူထိုင်းပါတီဟာ ဝန်ကြီးချုပ်နေရာရပြီး အစိုးရအဖွဲ့ဖွဲ့နိုင်ဖို့အခွင့်အလမ်းကောင်းရှိနေပေမဲ့လည်း အထက်လွှတ်တော်အမတ်တွေက ဖျုထိုင်းဟာ MFP ရဲ့ ၈ ပါတီမဟာမိတ်အဖွဲ့က ခွဲထွက်မှပဲ မဲပေးမဲ့လိပ်ခဲတည်းလည်းအခြေအနေကို ရင်ဆိုင်နေရပြန်ပါသေးတယ်။

တကယ်လို့သာ လက်ရှိမှာ ဝန်ကြီးချုပ်ပရာယွတ်ရဲ့ထိုင်းကြားဖြတ်အစိုးရက သက်ဆင်ကို ထိုင်းနိုင်ငံ ပြန်လာခွင့်ပေးပြီး သူတို့အာဏာရှိချိန်မှာ သက်ဆင်အပေါ် ဖြေလျှော့မှုတွေလုပ်ခဲ့ရင်၊ ဝန်ကြီးချုပ်သစ်နေရာအဆိုပြုမဲပေးပွဲမှာလည်း MFP ကို လမ်းခွဲပြီး လိုအပ်တဲ့မဲတွေရဖို့ ပါလီမန်မှာ ဖျူထိုင်းအနေနဲ့ ထိုင်းစစ်တပ်ထောက်ခံတဲ့ ပါတီတွေနဲ့ အထက်လွှတ်တော်အမတ်တွေနဲ့ပူးပေါင်းပြီး ဝန်ကြီးချုပ်ဖြစ်ရေး မဲတွေ ယူသွားမလား၊ နောင်ရွေးကောက်ပွဲမှာ လူငယ်တွေရဲ့မဲတွေမဆုံးရှုံးရအောင် MFP ကိုဆက်ပေါင်းမလား ဆိုတဲ့အခြေအနေကနေ တစ်ဖက်ဖက်ကို ပိုလို့ယိုင်လာမယ်လို့ထင်မိပါတော့တယ်။

သေချာတာကတော့ ထိုင်းနိုင်ငံကိုပြန်လာချင်တဲ့ သက်ဆင်ရဲ့အပြန်ခရီးဟာ MFP က ခွဲထွက်မှ ဝန်ကြီးချုပ်ဖြစ်ခွင့်ရမဲ့ ဖျုထိုင်းပါတီအတွက်လည်း အရေးပါပါတယ်။ လက်ရှိက ထိုင်းမှာအာဏာသိမ်းမလား၊ ဖျူထိုင်းပါတီက ထိုင်းဘုရင့်တပ်မတော်နဲ့ ပေါင်းပြီး အထက်လွှတ်တော်မဲတွေအကုန်ရသွားလို့ ဝန်ကြီးချုပ်ဖြစ် အစိုးရဖွဲ့မလား အခြေအနေမျိုးမှာ သက်ဆင်လည်းပြန်လာ၊ ဖျုထိုင်းလည်း အာဏာရ တစ်ချက်ခုတ်နှစ်ချက်ပြတ် ပေတုံတန်ဘက်က စီစဥ်ပြီးလို့ သက်ဆင်ဟာ ဩဂုတ် ၁၀ ရက်မှာ ပြန်လာမယ်လို့ ကြိုပြောနေတာလားဆိုတာတော့ စိတ်ဝင်စားစရာပါ။ သေချာတာကတော့ ဖျူထိုင်းပါတီသာ အာဏာရလာရင် သက်ဆင်ဟာထောင်ကျရင်တောင်မှ အမြန်ဆုံးပြန်လည်လွတ်မြောက်လာမဲ့ လမ်းပေါ်မှာရှိနေတာကြောင့်ပဲ သက်ဆင်ရဲ့ အိမ်အပြန်ခရီး အစပြုခဲ့သလားဆိုတာတော့…..။

Leave a Reply

Your email address will not be published. Required fields are marked *