October 18, 2024

ဓာတ်ပုံ - မျိုးချစ်လူငယ် ပရဟိတ အဖွဲ့

၂၇. ၇. ၂၀၂၃
Written by Hey Mar

ကချင်ပြည်နယ်၊ ဟိုပင်မြို့နယ်မှာ မိုးအဆက်မပြတ်ရွာသွန်းနေတာကြောင့် မြို့ကို ပတ်ပြီး စီး‌နေတဲ့ သရက်ချောင်းကနေ ရေလျှံပြီး ချောင်းအနီးနေထိုင်တဲ့ ရပ်ကွက်ထဲက လူနေအိမ်ခြေတွေထဲ ရေတွေ ဝင်ရောက်လျှက်ရှိတယ်လို့ သိရပါတယ်။

ရေဝင်နေတဲ့ အနိမ့်ပိုင်းရပ်ကွက်တွေထဲက မိသားစုဝင်တချို့ကို အနီးအနားရေလွတ်တဲ့ အမြင့်ပိုင်းရပ်ကွက်တွေဆီကို ဒီနေ့ ဇူလိုင်လ ၂၇ ရက်နေ့မှာ သက်ဆိုင်ရာတာဝန်ရှိသူတွေ အကူအညီနဲ့ ပြောင်းရွှေ့နေကြတယ်လို့ မျိုးချစ်လူငယ်လူမှုကူညီရေးအဖွဲ့တာဝန်ရှိသူက MT News ကို ပြောပါတယ်။

ဟိုပင်မြို့နယ်မှာ မိုးရက်ဆက် သည်းထန်စွာရွာသွန်းနေတာ ၃ ရက်ဝန်းကျင်ရှိပြီလို့ သိရပါတယ်။ အဲ့ဒီလိုရွာသွန်းတဲ့အတွက် တောင်ကျရေတွေ စီးဆင်းလာပြီး သရက်ချောင်းအတွင်းချောင်းရေလျှံတဲ့ဖြစ်စဉ်တွေ ဖြစ်ပေါ်လာကာ ချောင်းအနီးက ရပ်ကွက်ကျေးရွာတွေက လူနေအိမ်ခြေ ၄၀ ဝန်းကျင်လောက်က မိသားစုဝင်တွေ ရေဘေးလွတ်ရာ ရှောင်နေရတဲ့ အ‌ခြေအနေလို့ သိရပါတယ်။

အိမ်ထောင်စုဝင်တွေ ဘေးလွတ်ရာ ပြောင်းရွှေ့နေနိုင်ရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ လူမှုကူညီရေးအသင်းအဖွဲ့ဝင်တွေ ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိပြီး လက်ရှိအချိန်အထိတော့ လူနဲ့ တိရစ္ဆာန် ထိခိုက်မှု၊ အဆောက်အဦပျက်စီးဆုံးရှုံးမှုတွေ မရှိသေးဘူးလို့ မျိုးချစ်လူငယ်လူမှုကူညီရေးအဖွဲ့ကနေ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *