
၂၇. ၇. ၂၀၂၃
Written By Thandar
ရုပ်ရှင်ကားတွေ၊ မှိုတက်နေတဲ့ U-matic Tape ခွေတွေအနေနဲ့ ကျန်ရှိနေတဲ့ ဇာတ်ကားတွေကို မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက အများပြည်သူပြသနိုင်ဖို့အတွက် မှိုသန့်စင်ခြင်း၊ တိတ်ခွေကနေ ဒီဂျစ်တယ်စနစ်ပြောင်းခြင်းနဲ့ အများပြည်သူကို ပြသပေးနိုင်ဖို့ အဆင့်ဆင့်ဆောင်ရွက်ဖို့စီစဉ်နေတယ်လို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ကြေညာခဲ့ပါတယ်။
“အစည်းအရုံးအနေနဲ့ တတ်နိုင်သမျှ ရုပ်ရှင်ကားကောင်းတွေကို စုစည်းနေတယ်။ အပြင်မှာ မရှိသေးတဲ့ ကားတွေ များသောအားဖြင့် မြန်မာ့ရုပ်မြင်မှာရှိနေတယ်။ သူတို့သိမ်းထားတာက ရုပ်ရှင်ဇာတ်ကားတို့ U-matic အခွေတွေ ဖြစ်နေတယ်။ U-matic စက်တွေက မြန်မာပြည်မှာတစ်လုံးမှ မကောင်းတော့ဘူး။ ကောင်းတဲ့တစ်လုံးရှိတယ်လို့ သတင်းကြားတယ်။ သူတို့နဲ့ကလည်း အလုပ်မလုပ်ဖြစ်သေးဘူး။ ကိုယ်ပိုင်အနေနဲ့ လုပ်မယ်ဆိုရင် ဒီစက်ကိုဝယ်ရမယ်။ မြန်မာပြည်မှာ မရှိဘူး။ ပြည်ပကနေ လေလံတင်ရောင်းတာကို ဝယ်ရမယ့် သဘောရှိတယ်။ မြန်မာပြည်ရှိတဲ့ U-matic စက်အဟောင်းကိုပဲ ပြန်ပြင်သုံးမယ်။ U-matic စက်ရရင် ကားဟောင်းကို Digital ပြန်ပြောင်းဖော်ထုတ်မှာပါ။ လောလောဆယ် ၄ ကားရှိတယ်။ မြန်မာ့ရုပ်မြင်ကရတဲ့ကားတွေကို ကျွန်တော် Digital ပြောင်းဖို့ ကြိုးစားနေပါတယ်။ ဒီကားပိုင်ရှင်တွေကို Digital ပြောင်းတဲ့အခါ ကုန်ကျစရိတ်ကို အချိုးကျထည့်ပေးဖို့ပါ။ ဒီကားတွေ Digital ပြောင်းပြီးချိန်မှာ ပြန်ရောင်းလည်းရပါတယ်။ ကမ်းလှမ်းထားပါတယ် ”လို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက အကယ်ဒမီဒါရိုက်တာ ဇော်မြင့်ဦးက MT News ကို ပြောပါတယ်။
လက်ရှိမှာ မြန်မာနိုင်ငံအစည်းအရုံးမှာရှိတဲ့ ၁၉၅၇ ခုနှစ်က ဗိုလ်မြဒင် ရုပ်ရှင်ဇာတ်ကား ၊ ၁၉၇၀ က သံမဏိသစ္စာ ရုပ်ရှင်ဇာတ်ကား၊ ၁၉၇၂ ခုနှစ်က မှုံနံသာခြယ်ကာသပါလို့ ရုပ်ရှင်ဇာတ်ကားနဲ့ ၁၉၈၇ ခုနှစ်က ငွေလှိုင်းဇာပေါ်မှာ ရုပ်ရှင်ဇာတ်ကားတို့ရဲ့ မူရင်းပိုင်ရှင်တွေကို ဆက်သွယ်ပြီး Digital Copy ပြောင်းသွားမယ်လို့ အကြောင်းကြားထားကြောင်း သိရပါတယ်။
ဒီရုပ်ရှင်ဇာတ်ကားပိုင်ရှင်တွေအနေနဲ့ Digital ပြောင်းပြီးပါက မိမိကြိုက်နှစ်သက်တဲ့ Channel တွေကို ရောင်းချနိုင်သလို တကယ်လို့ ပိုင်ရှင်တွေက ဇာတ်ကားတွေကို စိတ်မဝင်စားပါက အစည်းအရုံးက စိုက်ထုတ်ပြီး Digital ပြောင်းပြီး ရုပ်ရှင်အစည်းအရုံးအပိုင်အနေနဲ့ သိမ်းဆည်းသွားမယ်လို့ဆိုပါတယ်။
“ဖလင်ကတော့ လွန်ခဲ့တဲ့ ၃ နှစ်ကျော်လောက်တုန်းက အပြင်မှာဖလင်တွေ မရှိတော့ဘူး။ ဖလင်ခေတ်လည်း မဟုတ်တော့ဘူး။ ကျွန်တော်တို့ နိုင်ငံတကာမှာ ဖလင်တွေနဲ့ မှတ်တမ်းတွေ တင်ကြတယ် Film Lively ဆိုပြီး သပ်သပ်ရှိကြတယ်။ ကျွန်တော့်ဆီကို နိုင်ငံခြားသားတွေ လာရင်ဖလင်ဘာကားရှိလဲ မေးရင် ကျွန်တော်တို့ဆီမှာ ပြစရာမရှိဘူး။ ရသမျှကားတွေ လိုက်စုတော့ အဖြူအမဲကားတော့ မရဘူး။ ဆေးရောင်ခြယ်ကားက အထုတ် ၁၀၀ ကျော်လောက်ရတယ်။ ခု ဒီကားတွေကို ဝယ်ပြီး သေချာဆေးကြောသန့်စင်ထားတယ်”လို့ သူက ဆက်ပြောပါတယ်။
ယခင် ရုပ်ရှင်နှစ် ၁၀၀ ပြည့် အချိန်ကာလ Film ကနေ Digital ပြောင်းတဲ့စက်ကို ဝယ်ပေးထားတာ ရောက်လာပြီး ခုလက်တွေ့စမ်းသပ်ကြည့်နေတယ်လို့ သိရပါတယ်။ အဆိုပါ စက်နဲ့ ကားထုပ်တချို့ကို Digital ပြောင်းပြီး သိမ်းဆည်းသွားမယ့်အပြင် ဖလင်အနေနဲ့ရော Digital Copy လုပ်ဆောင်ပြီး သိမ်းဆည်းသွားမယ်လို့ သိရပါတယ်။
U-matic Tape ကနေ Digital ပြောင်းလဲမယ့် ကုန်ကျစရိတ်ဟာ ဇာတ်ကားတစ်ထုပ်လျှင် (၁၀)သိန်း အထက် ကုန်ကျမှာဖြစ်ပါတယ်။ ပိုင်ရှင်များအနေနဲ့ ကားထုပ်အလိုရှိပါကမြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးကို ကျပ်(၁၀)သိန်းနဲ့ ရုပ်ရှင်ကားပိုင်ဆိုင်ကြောင်း သက်သေအထောက်အထားတွေနဲ့ အောက်တိုဘာလ နောက်ဆုံးထားပြီး ငွေပေးသွင်းရမယ်လို့ သိရပါတယ်။
