October 18, 2024

၂၇. ၇. ၂၀၂၃
Written by Nyein Kyaw

အထက်ရဲရွာ ရေအားလျှပ်စစ်စီမံကိန်းသည် ၂၀၂၅ ခုနှစ်တွင် ရာနှုန်းပြည့်ပြီးစီးမည်ဖြစ်ပြီး ယင်းစီမံကိန်းမှ မြန်မာနိုင်ငံလူဦးရေစုစုပေါင်း၏ ၆ ဒသမ ၆ ရာခိုင်နှုန်းအထိ လျှပ်စစ်ဓာတ်အား တိုးတက်ရရှိမည်ဖြစ်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ သိရသည်။

အထက်ရဲရွာရေအားလျှပ်စစ် တည်ဆောက်ခြင်းလုပ်ငန်းများကို ၂၀၁၀-၂၀၁၁ ဘဏ္ဍာနှစ်မှ စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် စီမံကိန်းတစ်ခုလုံး၏ ၅၃ ဒသမ ၂၂ ရာခိုင်နှုန်းပြီးစီးနေကာ လာမည့် ၂၀၂၅ ခုနှစ်တွင် ရာနှုန်းပြည့်ပြီးစီးမည်ဖြစ်သည်။

စီမံကိန်းပြီးစီးမည့် ၂၀၂၅ ခုနှစ်အတွင်း ၂၈၀ မဂ္ဂါဝပ် လျှပ်စစ်ဓာတ်အားပေးစက်ရုံမှ နှစ်စဉ်လျှပ်စစ်ဓာတ်အား ကီလိုဝပ်နာရီသန်းပေါင်း ၁၄၀၉ သန်းကို လျှပ်စစ်ဓာတ်အားကွန်ရက်မှတစ်ဆင့် နိုင်ငံတစ်ဝန်းလုံးသို့ ထုတ်လုပ်ဖြန့်ဖြူးသွားနိုင်ဖြစ်သဖြင့် မြန်မာနိုင်ငံအတွင်းရှိ လူဦးရေ ၃ ဒသမ ၇ သန်း (စုစုပေါင်းလူဦးရေ၏ ၆ ဒသမ ၆ ရာခိုင်နှုန်း) လျှပ်စစ်ဓာတ်အား တိုးတက်သုံးစွဲနိုင်မည်ဖြစ်သည်။

“ကွန်ကရစ်သွန်းလောင်းခြင်းလုပ်ငန်းကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာတွင် စတင်ဆောင်ရွက်နိုင်ရေး ကြိုတင်ဆောင်ရွက်ရန်၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး၊ လုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်းပြည့်မီရေးနဲ့ ၂၀၂၅ ခုနှစ် မတ်လတွင် စတင်စမ်းသပ် ဓာတ်အားထုတ်လုပ်နိုင်ရေး အလေးအနက်ထား ကြိုးပမ်းဆောင်ရွက်သွားရမည်” ဟု လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်က ၂၀၂၃ ခုနှစ် မတ်လ ၇ ရက်တွင် ပြောကြားထားသည်။

စီမံကိန်းတည်ဆောက်မည့် ပင်မတမံအမျိူးအစားမှာ RCC ကွန်ကရစ်တမံဖြစ်ပြီး မြန်မာနိုင်ငံတွင် တတိယမြောက် တည်ဆောက်မည့် RCC ကွန်ကရစ်တမံဖြစ်ကာ ပင်မတမံသည် Roller Compacted Concrete (RCC) အမျိုးအစားဖြစ်၍ အလျား ၈၈၃ ပေ၊ အမြင့် ၃၃၅ ပေရှိပြီး RCC ကွန်ကရစ်ကျင်းပေါင်း ၁၈၀,၀၀၀ ကျော်ခန့် သွန်းလောင်းရမည်ဖြစ်သည်။

အထက်ရဲရွာစီမံကိန်းကို ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့ တောင်ဘက် မိုင် ၂၀ အခန့်အကွာတွင် တည်ရှိသည့် တောင်ခြေကျေးရွာအနီးရှိ မြစ်ငယ်မြစ်အပေါ်၌ အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်သည်။

မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုတွင် သဘာဓာတ်ငွေ့မှ ၅၆ ရာခိုင်နှုန်း၊ ရေအားမှ ရာခိုင်နှုန်း ၄၀၊ ကျောက်မီးသွေးမှ သုံးရာခိုင်နှုန်း၊ ပြန်ဖြည့်မြဲစွမ်းအင်အရင်းအမြစ်များမှ တစ်ရာခိုင်နှုန်း ထုတ်လုပ်လျက်ရှိပြီး လာမည့် ၂၀၃၀ ပြည့်နှစ်တွင် တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အား ရရှိရေးစီမံချက်ကို ဆောင်ရွက်လျက်ရှိသည်။

Leave a Reply

Your email address will not be published. Required fields are marked *