October 19, 2024

၂၇. ၇. ၂၀၂၃
Written by Peya

ပြိုကျလုဆဲဆဲဖြစ်ပြီး ဒေါက်ထောက်ထားရသည့် အမရပူရခေတ် လက်ရာများပါရှိသော မန္တလေးမြို့ထက် ရှေးကျသည့် စီးတော်မြင်းဝန် ကျောင်းတိုက်ကို ရှေးမူမပျက် ပြန်လည်ပြုပြင်မှုများ စတင်လုပ်ဆောင်နေပြီ ဖြစ်ကြောင်း အဆိုပါ ကျောင်းကြီး ထိန်းသိမ်းရေး အတွက် ဆော်ဩလှုပ်ရှားခဲ့သူတစ်ဦးဖြစ်သည့် ကိုထိပ်တင်စည်သူဟိန်းက MT News သတင်းဌာနသို့ ပြောသည်။

စီးတော်မြင်းဝန်ကျောင်းကို အမရပူရနန်းတည် မင်းတရားဖြစ်သည့် ဘိုးတော်မင်း ခေါ် ဗဒုံမင်း လက်ထက် စီးတော်မြင်းဝန်မင်းကြီး မဟာမင်းလှသင်္ခယာက ဆောက်လုပ်လှူဒါန်းခဲ့ခြင်းဖြစ်ပြီး မူလက အမရပူရမြို့ အရှေ့ပြင်တွင် တည်ရှိခြင်းဖြစ်ကာ ရတနာပုံမြို့ တည်သောအခါ ကျောင်း၏ အဆောက်အအုံ အစိတ်အပိုင်းများကို ဖြုတ်၍ ယခုမန္တလေးတက္ကသိုလ် တည်ရာနေရာသို့ ပြောင်းရွှေ့ခဲ့ရပြီး အင်္ဂလိပ်အစိုးရလက်ထက်တွင် ယခု မဟာအောင်မြေမြို့နယ် နေရာသို့ ထပ်မံပြောင်းရွေ့ခဲ့ရကာ နှစ်ပေါင်း ၁၆၀ ကျော် သက်တမ်းရှိ ကျောင်းကြီးလည်း ဖြစ်သည်။

This image has an empty alt attribute; its file name is photo_2023-07-27_12-09-39-768x1024.jpg

“နဂိုကျောင်းဆရာတော်က သူ့ကျောင်းကို လာကြည့်ပေးဖို့ ပြောတယ်။ ဦးစီးအရာရှိတို့က လာကြည့်သွားပေမယ့် အဲ့ဒီတုန်းက ပုဂံတို့ ပျူတို့က အဓိက ဖြစ်နေတာဆိုတော့ ကုန်းဘောင်ကျောင်းကြီး ပြင်ဖို့ ဘတ်ဂျက်မရှိဘူးဆိုတော့ ဆရာတော်က စိုးရိမ်တာပေါ့။ ကျောင်းက လွန်ခဲ့တဲ့ သုံးနှစ်လောက်တည်းက ပြိုကျတော့မှာ။ ပြောရမယ်ဆို ကျွန်တော်တို့ ရန်ကုန်အသိုင်းအဝိုင်းက လူတွေက ဝိုင်းပြီး တစ်ယောက်ကို တစ်သိန်းထည့်၊ နှစ်သိန်းထည့်နဲ့ ထောက်တိုင်တွေထောက်ပြီး ကျားကန်ထားလိုက်တာ။ ဝန်ကြီးသိစေချင်တယ်ဆိုတော့ ညီလေးက လက်ရှိ ဝန်ကြီးတော့ မရင်းနှီးဘူး။ အရင်တုန်းက လုပ်ခဲ့တဲ့ ဒုတိယဝန်ကြီး ဘဘဦးသန်းဆွေကတော့ ဆွေတော်မျိုးတော်တွေ အိမ်ဝင်ထွက်ပြီး သမိုင်းစာတွေ ရေးနေတာရှိတယ်ဆိုပြီး ဖုန်းဆက်ပြီးတော့ ဒီကျောင်းကြီးက ပြိုတော့မယ်။ အရင်သိကျွမ်းခဲ့ဖူးတဲ့ သူတွေကို ပြောပြီး အစောတလျင် ပြင်ရမယ့်စာရင်းထဲ ထည့်ပေးပါ ပြောတော့ သူတို့လည်း လိုအပ်နေတာ သိတော့ ပြင်ရမယ့် စာရင်းထဲ ထည့်လိုက်တာပေါ့” ဟု ကိုထိပ်တင်စည်သူဟိန်းက ဆိုသည်။

ယခုတွင် ဘတ်ဂျက်ကျပြီ ဖြစ်သည့်အတွက် ပြင်ဆင်ရန် ဆောင်ရွက်နေပြီ ဖြစ်ကာ ခန့်မှန်းအားဖြင့် သိန်းတစ်ထောင်ကျော် ကုန်မည်ဟု ခန့်မှန်းထားကြောင်းလည်း သိရသည်။

“ကျောင်းကြီးကလည်း သူက သက်တမ်းကြာနေပြီ အမရပူရခေတ်က ကျောင်းကြီး။ ဘိုးတော်ဘုရားလက်ထက်က စီးတော်မြင်းဝန်ပေါ့။ ဘုရင့်စီးတော်မြင်းတွေကို အုပ်ချုပ်ရတဲ့ ဝန်ကြီး တည်ခဲ့တဲ့ ကျောင်း။ နဂိုက အမရပူရမှာရှိပေမယ့် မန္တလေးမြို့ကို မင်းတုန်းမင်းတရားကြီးက ပြောင်းတော့ ကျောင်းတိုက်တွေပါ လိုက်ပြောင်းရတာ။ လက်ရှိ ဗန်းမော်ကျောင်းတိုက်ကြီး အနားမှာပါပဲ။ ပြောမယ်ဆိုရင် နဂို အမရပူရ ကျောင်းကြီး ပမာဏလောက်တော့ မရှိတော့ဘူး။ နှစ်ဆောက်လောက်ပဲ ကျန်ခဲ့တာပေါ့။ အကုန်တော့ ပါမလာတော့ဘူး။ ဒါပေမယ့် ကျန်ကောင်းကျန်ရာတော့ ကျန်တာပေါ့။ အခု ရှိနေတဲ့ သစ်တွေ၊ လက်ရာတွေကလည်း မန္တလေးထက်တောင် ခေတ်စောတယ်။ အမရပူရ လက်ရာပါ” ဟု ၎င်းက ဆိုသည်။

Leave a Reply

Your email address will not be published. Required fields are marked *