October 19, 2024

၂၇. ၇. ၂၀၂၃
Written by Min Mahar

ပခုက္ကူမြို့နယ်၊ ရွာသာအေးကျေးရွာတွင် နေထိုင်ကြသော လင်မယားနှစ်ဦးသည် နေအိမ်၌အတူထိုင်နေစဉ် PDF သုံးဦးရောက်လာကာ ခင်ပွန်းဖြစ်သူအား ဒူးထောက်ခိုင်း၍ ဇနီးဖြစ်သူကို ဒလန်မဟုစွပ်စွဲပြီး ရွာပြင်သို့ခေါ်သွားကာ သေနတ်ဖြင့် ပစ်သ-တ်သွားမှု ယမန်နေ့ညနေပိုင်းက ဖြစ်ပွားခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။

ဖြစ်စဉ်မှာ ယမန်နေ့(ဇူလိုင် ၂၆ ရက်)ညနေ ၅ နာရီ ၁၀ မိနစ်ခန့်က မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ ရွာသာအေးကျေးရွာ(ပခုက္ကူမြို့၏အနောက်ဘက် ၁၉ မိုင်ခန့်အကွာမှာရှိပြီး ကမ္မမြို့၏ အရှေ့ဘက် ၁ မိုင်ခန့်အကွာ၌ရှိသည့်) တွင် နေထိုင်ကြသော အသက် ၃၇ နှစ်အရွယ်အမျိုးသားနှင့် အသက် ၃၅ နှစ်အရွယ် အမျိုးသမီးတို့လင်မယားနှစ်ဦးသည် နေအိမ်၌ထိုင်နေစဉ်အတွင်း PDF အဖွဲ့မှ အမည်မသိလူငယ် အမျိုးသား ၃ ဦး သေနတ်ကိုယ်စီဖြင့်ရောက်ရှိလာပြီး ခင်ပွန်းဖြစ်သူအားဒူးထောက်ခိုင်း၍ ဇနီးဖြစ်သူကိုမူ”ဒလန်မ”ဟု စွပ်စွဲပြောဆိုကာ ဖမ်းဆီးခေါ်ဆောင်သွား၍ ဆယ်မိနစ်ခန့်အကြာတွင် သေနတ်ပစ်ခတ်သံကြားသဖြင့် ခင်ပွန်းဖြစ်သူသည် အနောက်မှလိုက်ကြည့်ခဲ့ရာ ကျေးရွာ၏အနောက်ဘက်(မီတာ ၁၅၀ ခန့် အကွာ)ရှိ ချောင်းရိုးတွင် ဇနီးဖြစ်သူအား သေနတ်ဒဏ်ရာဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ရကြောင်း အသ-တ်ခံရသူ၏ ခင်ပွန်းဖြစ်သူမှ MT News သတင်းဌာနသို့ ပြောပြချက်အရ သိရသည်။

အဆိုပါ သေနတ်ဖြင့် ပစ်ခတ်ခဲ့မှုကြောင့် ဇနီးဖြစ်သူသည် ဝဲဘက်မျက်လုံးအောက်ကို ကျည်ထိမှန်သွားသည့်ဒဏ်ရာ ၁ ချက်ဖြင့် အခင်းဖြစ်စဉ်ဖြစ်ပွားသောနေရာတွင် သေဆုံးသွားသဖြင့် အလောင်းအား ကမ္မမြို့ရှိ၊ ကမ္မလူငယ်လူမှုကူညီရေးအသင်းမော်တော်ယာဉ်ဖြင့် ပခုက္ကူမြို့၊ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

အခင်းဖြစ်ပွားသည့်နေရာသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များ ရောက်ရှိလာကာ စစ်ဆေးမှုများပြုလုပ်ခဲ့ပြီးနောက် သေနတ်ဖြင့်ပစ်ခတ်သွားသည့် PDF သုံးဦးကိုလည်း နယ်မြေရဲစခန်း(ကမ္မ) ၏ (ပ)၁၂၃/၂၀၂၃၊ ၂၀၁၄ခုနှစ်၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ-၅၀(က) /၅၄ ဖြင့် အမှုရေးဖွင့်ထားပြီး တရားခံများ အမြန်ဆုံးဖမ်းဆီးရမိရေးအတွက် လိုက်လံစုံစမ်းမှုများ လုပ်ဆောင်နေကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးထံမှ သိရသည်။

 

Leave a Reply

Your email address will not be published. Required fields are marked *