October 18, 2024

၂၇. ၇. ၂၀၂၃
Written by Tha Doe

နှစ်သောင်းတန် ငွေစက္ကူထုတ်ခဲ့ခြင်းကြောင့် ငွေကြေး ဖောင်းပွမှု လုံးဝ ဖြစ်ပေါ်စေမည်မဟုတ်ကြောင်းနှင့် စီးပွားရေးအရ ကမောက်ကမ ဖြစ်စေရန် နိုင်ငံရေးအရ တိုက်ခိုက်မှုသာဖြစ်နေကြောင်း SAC ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဇူလိုင် ၂၆ ရက်တွင် ပြုလုပ်သည့် စီးပွားရေးရာကော်မတီ အစည်းအဝေးအမှတ်စဉ်(၆/၂၀၂၃) တွင် ပြောကြားသည်။

အသစ်ထုတ်ပြန်လိုက်သည့် နှစ်သောင်းတန်ငွေစက္ကူထုတ်လုပ်ခြင်းနှင့်ပတ်သက်၍ အကန့်အသတ်ဖြင့်သာထုတ်လုပ်ခြင်းဖြစ်ပြီး နိုင်ငံတော်အနေဖြင့် ဘဏ္ဍာငွေ လိုအပ်ချက်မရှိသကဲ့သို့ နိုင်ငံအတွင်းလည်ပတ်သုံးစွဲငွေများ မျှတစွာဖြင့်ရှိနေသည်။ အဆိုပါနှစ်သောင်းတန် ထုတ်လုပ်ခြင်းသည် အထိမ်းအမှတ်အဖြစ် ထုတ်ခဲ့ခြင်းသာဖြစ်ပြီး ယခုအခါ နိုင်ငံအတွင်းငွေကြေး လည်ပတ်မှုအနေဖြင့် ပုံမှန်အခြေအနေသို့ပြန်လည် ရောက်ရှိနေပြီဖြစ်ကာ ဘဏ်များ၌ငွေကြေးအပ်နှံမှုများ များစွာ ရှိနေသည်။ ယခုကဲ့သို့ နှစ်သောင်းတန် ငွေစက္ကူထုတ်ခဲ့ခြင်းကြောင့် ငွေကြေးဖောင်းပွမှု လုံးဝ ဖြစ်ပေါ်စေမည်မဟုတ်ဘဲ စီးပွားရေးအရ ကမောက်ကမ ဖြစ်စေရန်အတွက် နိုင်ငံရေးအရ တိုက်ခိုက်မှုသာဖြစ်ကြောင်းလည်း SAC ဥက္ကဋ္ဌက ပြောကြားသည်။ အစိုးရ၏ စီးပွားရေးလုပ်ငန်းများသည် အမြတ်အစွန်းထက် တိုင်းပြည်ဖွံ့ဖြိုးရေးကို အထောက်အကူဖြစ်စေရန်ဖြစ်ပြီး အရှုံးပေါ်နေခြင်းလည်း မဖြစ်သင့်သလို မိမိတို့ စီးပွားရေးရာကော်မတီ သည် နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် အရေးကြီးသည့် ကဏ္ဍတွင်ရှိ၍ နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် အာရုံစိုက်ဆောင်ရွက်ကြစေလိုကြောင်းလည်း SAC ဥက္ကဋ္ဌက ဆိုသည်။

ထို့ပြင် SAC အစိုးရလက်ထက်တွင် ချေးငွေများ လုံးဝချေးယူခြင်းမရှိခဲ့သလို ပြည်ပထောက်ပံ့ငွေအနေဖြင့်လည်း ၂၀၂၂ ခုနှစ်နှောင်းပိုင်း ရောက်မှသာ အနည်းငယ် ရရှိခဲ့သဖြင့် အချို့လုပ်ငန်းများကိုဆောင်ရွက်နိုင်ခဲ့၍ အဆိုပါအချက်များကိုကြည့်ခြင်းအားဖြင့် မိမိတို့နိုင်ငံ၏ ပြည်တွင်းဘဏ္ဍာငွေနှင့် စီးပွားရေးသည် ပြည်တွင်းအင်အားအပေါ်၌သာ လုံးဝတည်မှီလျက်ရှိသည်ကို တွေ့ရ မည်ဖြစ်သလို ယခင်ကလည်း ပြည်တွင်းအားကို အဓိကထား၍သာ နိုင်ငံစီးပွား တိုးတက်ရေးကို ဆောင်ရွက်ခဲ့ကြရကြောင်းနှင့် ယင်းတွင် ကုန်ထုတ်လုပ်မှုများနှင့် သယံ ဇာတများ ရောင်းချခြင်းတို့ပါဝင်ကြောင်း၊ မိမိတို့တာဝန်ယူချိန်တွင် သယံဇာတရောင်းချခြင်းကို အတတ်နိုင်ဆုံးထိန်းထားကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် နိုင်ငံ့စီးပွား တိုးတက်ရေးအတွက် ထုတ်ကုန်များ ပိုမိုထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်နေခြင်း ဖြစ်ကြောင်းလည်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

ထို့အတွက် နိုင်ငံ့စီးပွားရေးမှာ ပြီးခဲ့သည့် ကာလများအတွင်း အထိုက်အလျောက် တိုးတက်မှု ရှိခဲ့ပြီး ဆက်လက်၍လည်း တိုးတက်မည်ဟု ခန့်မှန်းထားကြောင်း၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ၃ ဒသမ ၄ ရာခိုင်နှုန်းတိုးတက်ခဲ့ပြီး ၂၀၂၃- ၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် လည်း ၄ ရာခိုင်နှုန်းခန့် တိုးတက်မည်ဟု မျှော်မှန်းထားကြောင်း၊ လက်ရှိ ဆောင်ရွက်နေသည့်ကုန်ထုတ်လုပ်မှုများကို အမှန်တကယ်ဆောင်ရွက်နိုင်မည်ဆိုပါက ထပ်မံ တိုးတက်အောင်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ၂၀၂၀ – ၂၀၂၁ ခုနှစ်တွင် စီးပွားရေး ကျဆင်းခဲ့သည့်အခြေအနေမှ ပြန်လည်ရုန်းထွက်ဆောင်ရွက်နိုင်ခဲ့ခြင်းပင် ဖြစ်ကြောင်းလည်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

ကျပ် ၂၀၀၀၀ တန် ငွေစက္ကူထုတ်ဝေမည်ဆိုသည့်သတင်းကြောင့် ပြည်တွင်းစျေးကွက်အတွင်း တရုတ်နှင့် ထိုင်းတို့မှ အဓိကတင်သွင်းနေရသည့် ကုန်စည်များမှာ ၁၀ ရာခိုင်နှုန်းခန့် ရုတ်ချည်းခုန်တက်သွားပြီး ရွှေစျေးမှာလည်း တစ်ကျပ်သား ၃၅ သိန်းဝန်းကျင်ခုန်တက်ကာ ဒေါ်လာစျေးမှာလည်း ၃၄၀၀ ခန့်အထိ ပြင်ပစျေးမြင့်တက်ခဲ့သည်။ ထို့အတူ အခြေပစ္စည်းများဖြစ်သော ကားနှင့် အိမ်ခြံမြေများမှာလည်း အရောင်းရပ်သွားကာ စျေးပြန်ဖွင့်ချိန်တွင် မူရင်းစျေးထက် အနည်းဆုံး ၁၀ ရာခိုင်နှုန်းဝန်းကျင် စျေးကွက်ဖွင့်ခဲ့သည်။ ထို့နောက် ရွှေနှင့်ဒေါ်လာမှာ လိုက်လံဖမ်းဆီးနေသည်သတင်းများကြောင့် စျေးပြန်ကျခဲ့သော်လည်း အိမ်ခြံမြေ၊ ကားနှင့် ကုန်စျေးနှုန်းများမှာမူအမြင့်စျေးတွင် ဆက်လက်ဖြစ်ပေါ်နေသည်။

Leave a Reply

Your email address will not be published. Required fields are marked *