October 18, 2024

၂၇. ၇. ၂၀၂၃
Written by Nay Aung

မြန်မာနိုင်ငံတွင် ကလေးသေဆုံးမှုနှုန်းနှင့် အာဟာရ မပြည့်ဝမှုတို့မှာ မြင့်မားနေဆဲပင်ဖြစ်ကြောင်း ကုလသမဂ္ဂ၏ ကလေးငယ်များရန်ပုံငွေအဖွဲ့(UNICEF) ၏ ဖော်ပြချက်များအရ သိရသည်။

မြန်မာနိုင်ငံတဝှမ်းရှိ ကလေးသူငယ်သန်းချီသည် အခြေခံကျန်းမာရေးဝန်ဆောင်မှုများကို ခံစားခွင့်မရရှိဘဲဖြစ်နေပြီး ကလေးငယ် (၁)သန်းနီးပါးက ဝက်သက်၊ ပိုလီယိုနှင့် ဆုံဆို့နာတို့ကို ကြိုတင်ကာကွယ်ရန် လုပ်ရိုးလုပ်စဉ် ကာကွယ်ဆေးများကို မရရှိဘဲဖြစ်နေကြောင်း UNICEF ကဆိုသည်။

ထို့အပြင် ကလေးငယ်(၅)သန်းနီးပါးသည် ကူးစက်ရောဂါများနှင့် အမြင်အာရုံကွယ်မှုတို့မှ ကာကွယ်ပေးမည့် ရိုးရှင်းသော ဗီတာမင်အေဖြည့်စွက်မှုမရှိဘဲ ရှေ့ဆက်နေကြရသည်ဟု UNICEF အဖွဲ့က ဖော်ပြထားသည်။

ရှင်သန်ရပ်တည်ရန် ကလေးအားလုံးတွင် တည်ငြိမ်အေးချမ်းမှုနှင့် လုံခြုံမှုတို့ လိုအပ်သော်လည်းမြန်မာနိုင်ငံ၏ ကလေးသူငယ်မျိုးဆက်တစ်ဆက်၏ ကျန်းမာပျော်ရွှင်မှု၊ အနာဂတ်နှင့် ရှင်သန်မှုတို့ကို ပဋိပက္ခအရှိန်မြင့်တက်လာမှု၊ မလုံခြုံမှု၊ နေရပ်စွန့်ခွာရမှုနှင့် ဆင်းရဲမှုတို့က ခြိမ်းခြောက်လျက်ရှိနေကြောင်း သိရသည်။

ကိုဗစ်-၁၉ ကပ်ရောဂါက မြန်မာနိုင်ငံရှိကလေးသူငယ်များကို ကြီးမားသောစိန်ခေါ်မှုများနှင့် ထိတွေ့စေခဲ့ပြီးကလေးသူငယ်ပေါင်း (၁၂)သန်းသည် တစ်နှစ်ကျော်မျှကြာအောင် စာသင်ကျောင်းများနှင့်ကင်းကွာနေခဲ့ရသည် ။ UNICEF ၏ အဆိုအရ မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပွားနေသည့် နိုင်ငံရေးအငြင်းပွားမှုများက ကလေးသူငယ်များ ရင်ဆိုင်ကြရသည့်စိန်ခေါ်မှုများကို ပိုမိုကြီးမားစေခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံရှိ ကလေးများသည် စနစ်တကျစီစဉ်ထားသော သင်ယူနိုင်မှုကို ဆုံးရှုံးနေရဆဲဖြစ်ပြီး၊ ကျန်းမာရေးနှင့် ပညာသင်ယူမှုဆိုင်ရာ တိုးတက်မှုများသည် လျှင်မြန်စွာပင် ဆုတ်ယုတ်လျော့ပါးနေကြောင်း UNICEF အဖွဲ့၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

စီးပွားရေးဆိုင်ရာအခက်အခဲများနှင့် အဓိကဝန်ဆောင်မှုများကို ရယူနိုင်ခွင့်ကင်းမဲ့ခြင်းတို့သည် ကလေးငယ်များကို ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ ပညာရေးပိုင်းဆိုင်ရာနှင့် စီးပွားရေးဆိုင်ရာ စိန်ခေါ်ချက်များထိတွေ့ရင်ဆိုင်ရဖွယ်ရှိနေကြာင်း သိရသည်။ သုတေသနအဆိုအရ မြန်မာနိုင်ငံကဲ့သို့သောနိုင်ငံများတွင်၊ အသက်အရွယ် (၅)နှစ်အောက် ကလေးသူငယ်များသည်ဘေးမကင်းသောရေများနှင့်ဆက်စပ်နေသည့် ဝမ်းပျက်ဝမ်းလျောရောဂါကြောင့် အသက်သေဆုံးနိုင်ခြေ အဆ (၂၀) ပိုများဖွယ်ရှိနေကြောင်း ယူနီဆက်ဖ်က ဖော်ပြထားသည်။

Ref- UNICEF

Leave a Reply

Your email address will not be published. Required fields are marked *