၂၈. ၁၀. ၂၀၂၂
Written by Nay Moe
ကုလသမဂ္ဂလုံခြုံရေးကောင်စီသည် သေချာရေရာမှု ကင်းမဲ့သော အာဆီယံ၏ ဘုံသဘောတူညီချက်ငါးရပ်ကို ဆက်လက်လက်သင့်ခံနေခြင်းအားဖြင့် စစ်ပွဲကို အဆုံးသတ်ရမည့် ၎င်း၏တာဝန်မှ ခေါင်းရှောင်နေခြင်းကို ရပ်သင့်ပြီဟု ရှေ့ပြေးအသံအဖွဲ့၊ ကချင်အမျိုးသမီးများအစည်းအရုံး (ထိုင်းနိုင်ငံ) နှင့် အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) တို့က ယနေ့တွင် စွပ်စွဲချက် ထုတ်ပြန်လိုက်သည်။
အာဆီယံနိုင်ငံခြားရေးဝန်ကြီးများသည် ဘုံသဘောတူညီချက်ငါးရပ် အကောင်အထည်ဖော်ဆောင်မှု အခြေအနေ အကဲဖြတ်သုံးသပ်သည့် အထူးအစည်းအဝေးကို ကြာသပတေးနေ့တွင် အပြီးသတ်ဆွေးနွေးခဲ့သည်။ SAC က ဘုံသဘောတူညီချက်ငါးရပ်ကို လုံးဝမထီမဲ့မြင်လုပ်နေသည့်တိုင် အာဆီယံသည်၎င်း၏ အရေးပါမှုကို အခိုင်အမာပြောဆိုကာ ကျရှုံးနေသည့် ဘုံသဘောတူညီချက်ငါးရပ်ကို ဆက်လက်ကိုင်စွဲရန် ရွေးချယ်ခဲ့သည်ဟု အထက်ပါ သုံးဖွဲ့က စွပ်စွဲခဲ့သည်။
“ကုလသမဂ္ဂက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းအတွက် တာဝန်ရှိတဲ့ စစ်အုပ်စုနဲ့ နားလည်မှုစာချွန်လွှာတွေ၊ သဘောတူညီချက်တွေ ရေးနေလုပ်နေတဲ့အချိန်မှာ မြေပြင်မှာ ပြည်သူတွေ ကြုံတွေ့နေရတဲ့ ဧရာမစိန်ခေါ်မှုတွေကို ချက်ချင်းကျော်လွှားနိုင်ဖို့နဲ့ မြန်မာနိုင်ငံနယ်စပ်ဒေသတစ်လျှောက် အပါအဝင် အန္တရာယ်ကျရောက်နိုင်ခြေအများဆုံးနဲ့ အကူအညီအလိုအပ်ဆုံးသူတွေကို အကူအညီတွေ ချက်ချင်း ပံ့ပိုးနိုင်ဖို့အတွက် တုံ့ပြန်ဆောင်ရွက်နေသူတွေဟာ ဒေသခံအောက်ခြေလူထုကွန်ရက်တွေပဲ ဖြစ်ပါတယ်” ဟု အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ)မှ နော်ဆဲဆဲကပြောသည်။