October 18, 2024

စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဖြစ်သူအား ပစ်ခတ်သတ်ဖြတ်၊ ထိုအကြမ်းဖက်မှုအပေါ် အများကန့်ကွက်

MT News
၂၆. ၇. ၂၀၂၃

လောင်းလုံးမြို့နယ်၊ စခန်းကြီးကျေးရွာရှိ စိုက်ပျိုးရေးသိပ္ပံကျောင်း(ထားဝယ်)မှ ကျောင်းအုပ်ဆရာမကြီးအပါအဝင် ဆရာ၊ ဆရာမများအား PDF များက အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင် ရိုက်နှက်ညှင်းပန်းနှိပ်စက်မှုများ ပြုလုပ်ကာ စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဖြစ်သူအား ပစ်ခတ်သတ်ဖြတ်သွားသည်ဟု SAC ၏ သတင်းထုတ်ပြန်ရေးအဖွဲ့က ယနေ့ညတွင် တရားဝင်ထုတ်ပြန်လိုက်သည်။

ဖြစ်စဥ်မှာ တနင်္သာရီတိုင်းဒေသကြီး လောင်းလုံးမြို့နယ်၊ စခန်းကြီးကျေးရွာရှိ စိုက်ပျိုးရေးသိပ္ပံကျောင်း (ထားဝယ်)သို့ ဇူလိုင် ၂၀ ရက် မွန်းလွဲ ၁၂ နာရီခွဲခန့်တွင် PDF များက လက်နက်များ ကိုယ်စီကိုင်ဆောင်၍ မြို့ဟောင်းကျေးရွာဘက်မှ မော်တော်ယာဉ်တစ်စီးဖြင့် ရောက်ရှိလာပြီး ကျောင်းတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ကျောင်းအုပ်ဆရာမကြီးအပါအဝင် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား ခေါ်ယူ၍ စာသင်ကျောင်းခန်းမ၌ ကျောင်းသား၊ ကျောင်းသူများအား ထိုင်ခိုင်းကာ ဆရာ၊ ဆရာမများအား ကြမ်းပြင်တွင် မှောက်လျက်အနေအထားဖြင့် နေခိုင်းခဲ့သည်။ ထို့နောက် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား ကိုယ်ထိလက်ရောက် ရိုက်နှက်နှိပ်စက်မှုများပြုလုပ်ခဲ့ပြီး ဆရာ၊ ဆရာမများအား CDM ပြုလုပ်ရန် အကြပ်ကိုင်ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့ကာဇူလိုင် ၂၁ ရက် နံနက် ၈ နာရီ နောက်ဆုံးထား၍ ကျောင်းဝန်းအတွင်းမှ ထွက်ခွာကြရန် ခြိမ်းခြောက်ပြောဆိုကာ ကျောင်းအုပ်ဆရာမကြီးဖြစ်သူ ဒေါ်မြင့်မြင့်ခိုင်နှင့် ၎င်း၏သားဖြစ်သူ အသက် ၁၁ နှစ်အရွယ် မောင်အောင်ဟိန်းခန့်တို့အပါအဝင် ဆရာ၊ ဆရာမ ၅ ဦး စုစုပေါင်း ၇ ဦးတို့ကို အတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်၍ ညနေ ၄ နာရီခွဲခန့်တွင် မြို့ဟောင်းကျေးရွာဘက်သို့ ပြန်လည်ထွက်ခွာသွားကြောင်း သိရှိရသည်။

ထို့အပြင် ဇူလိုင် ၂၂ ရက်နေ့တွင် အဆိုပါကျောင်း၌ စိုက်ပျိုးရေးပညာရပ်များကို သင်ကြားပေးလျက်ရှိသည့် လောင်းလုံးမြို့နယ်၊ စိုက်ပျိုးရေးဦးစီဌာနမှ ဒုတိယဦးစီးမှူးဖြစ်သူ ဦးသိန်းဦးသည် ၎င်း၏နေအိမ်၌ အိပ်နေစဉ် PDF များက မော်တော်ဆိုင်ကယ်များဖြင့် ရောက်ရှိလာပြီး နေအိမ်၏ အရှေ့ဘက် ဆီအုန်းခြံသို့ ဖမ်းဆီးခေါ်ဆောင်ကာ လက်နက်ငယ်များဖြင့် ဝိုင်းဝန်းပစ်ခတ်ခဲ့သဖြင့် ဦးသိန်းဦးမှာ ဖြစ်စဉ်နေရာ၌ပင် သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။

လောင်းလုံးမြို့နယ်၊ စိုက်ပျိုးရေးဦးစီဌာနမှ ဒုတိယဦးစီးမှူးဖြစ်သူ ဦးသိန်းဦးအား သတ်ဖြတ်သည့်အဖွဲ့မှာ လောင်းလုံးမြို့နယ် PDF အဖွဲ့ဖြစ်ပြီး စိုက်ပျိုးရေးသိပ္ပံကျောင်း(ထားဝယ်)မှ ကျောင်းအုပ်ဆရာမကြီးနှင့် အသက် ၁၁ နှစ်အရွယ်သားငယ် အပါအဝင် ဆရာ၊ ဆရာမ ၇ ဦးအား ရိုက်နှက်ဖမ်းဆီးသည့်အဖွဲ့မှာမူ မည်သည့် PDF အဖွဲ့ဖြစ်ကြောင်း မသိရသေးဘဲ စုံစမ်းနေသည်ဟု NUG ဩဇာခံ တနင်္သာရီတိုင်း စစ်ဒေသကွပ်ကဲရေးအဖွဲ့က မီဒီယာများသို့ဖြေကြားထားသည်။

ထိုသို့သော PDF များ၏ လက်နက်မဲ့ဆရာ၊ ဆရာမများနှင့် ကလေးငယ်များကို အကြမ်းဖက်ရိုက်နှက်ဖမ်းဆီးသတ်ဖြတ်သည့်အပေါ်  ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA(ဗဟို)၊ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)၊ မြန်မာနိုင်ငံသဘင်အစည်းအရုံး(ဗဟို)၊ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ၊ မြန်မာနိုင်ငံစာရေးဆရာအသင်း၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၊ မြန်မာနိုင်ငံပန်းချီပန်းပုအစည်းအရုံး၊ မြန်မာနိုင်ငံဟာသပညာရှင်များအစည်းအရုံး၊ မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို)တို့မှ ပြင်းထန်စွာကန့်ကွက်ရှုတ်ချပါကြောင်း သဘောထားများ အသီးသီးထုတ်ပြန်ခဲ့ကြသည်။

Leave a Reply

Your email address will not be published. Required fields are marked *