October 18, 2024

၂၆. ၇. ၂၀၂၃
Written by Naing Thuta

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်ရှိ ပုဂ္ဂလိကပိုင်မြေကွက်တွင် တရားမဝင်ကျူးကျော်နေထိုင်သည့်နေအိမ် ၃၂ လုံး ယနေ့မနက်ပိုင်းက ထပ်မံဖြိုဖျက်ရှင်းလင်းခံရပြီး လူ ၁၂၆ ဦးခန့် အိုးမဲ့အိမ်မဲ့ဖြစ်သွားကြောင်း မြို့နေပြည်သူများထံမှ သိရသည်။

“ဒီနေ့လည်း ချမ်းစည်ထဲက မြို့သစ်မှာ မနေ့ကဖျက်ဖို့ကျန်နေသေးတဲ့ အိမ်တွေကို မနက်က လိုက်ဖျက်နေတာတွေ့တယ်။ မနေ့ကအဖျက်ခံထားရတော့ ဒီနေ့ဖျက်ခံရတဲ့အိမ်တွေတော်တော်များများတော့ ပစ္စည်းတွေပြောင်းရွေ့ထားကြတယ်။ မနေ့ကထက်စာရင် ဒီနေ့က အချိန်ရလိုက်တော့ ကံနည်းနည်းကောင်းသွားတာပေါ့။ အချို့ဆို မနေ့ညက ညနက်တဲ့အထိပြောင်းရွှေ့နေကြတာ။ သက်ကြီးရွယ်အိုတွေနဲ့ ကလေးငယ်တွေကိုတော့ သနားပါတယ်။ လမ်းဘေးတွေမှာ ကြုံရာထိုးအိပ်နေကြတယ်”ဟု ဖြိုဖျက်ခံရသည့်နေရာနှင့် အနီးတွင်နေထိုင်သူ မြို့ခံတစ်ဦးက ပြောသည်။

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ မြို့သစ်(၄) ရပ်ကွက်၊ ၁၁၁ လမ်းနှင့် ၁၁၂လမ်းကြားရှိ အကွက်အမှတ် (ဇ-၉)၊ ဦးပိုင်အမှတ်(၂၁-ခ)မှ (၂၄-ခ)အထိ ပုဂ္ဂလိကပိုင်မြေကွက်များတွင် တရားမဝင်ကျူးကျော် နေထိုင်သည့် နေအိမ်များအား ယမန်နေ့က ဖြိုဖျက်ရာ အိမ်ထောင်စု ၁၀၀ မှ လူ ၆၁၁ ဦး အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီးနောက် ယနေ့(ဇူလိုင် ၂၆ ရက်)မနက် ၉ နာရီမှ ၁၁ နာရီ ၃၀ မိနစ်အထိ မန္တလေးမြို့တော်စည်ပင်သာယာ ရေးကော်မတီအဖွဲ့မှ နေအိမ် ၃၂ လုံး(ယာယီအိမ် ၃၂ လုံး)တို့ကို ဖြိုဖျက်ဖယ်ရှားခဲ့သောကြောင့် အိမ်ထောင်စု ၃၂ စုမှ အမျိုးသား ၇၆ ဦး၊ အမျိုးသမီး ၅၀ ဦး၊စုစုပေါင်း ၁၂၆ ဦး ခန့်တို့ ထပ်မံရှင်းလင်းခဲ့ကြောင်း မြို့နယ်စည်ပင်အုပ်ချုပ်ရေးမှူး ဦးအောင်အောင်ထံမှ သိရသည်။

” စီးပွားရေးကမကောင်း အလုပ်အကိုင်အခွင့်အလမ်းကမရှိရတဲ့အထဲ အခုလိုဖြစ်တော့ လမ်းဘေးရောက်တော့တာပဲ။ ကျွန်တော်တို့မှာလည်း ဝယ်ယူထားတဲ့စာချုပ်တော့ရှိတယ်။ အဆင့်ဆင့်ရောင်းချထားကြတာ။ အခုမှ မူလပိုင်ရှင်တွေပေါ်လာပြီး ဖယ်ခိုင်းတော့တာ။ သေချာနားမလည်ဘဲ ဝယ်ခဲ့မိတော့ ဒုက္ခတွေရောက်တော့တာပါပဲ။ တရားရုံးကို တိုင်ဖို့ကလည်း ကိုယ့်မှာ နားလည်တတ်ကျွမ်းတဲ့ အသိမိတ်ဆွေကမရှိ။ ပိုက်ဆံကလည်းမရှိတော့ ဒီတိုင်းလက်ပိုက်ကြည့်နေရတဲ့အပြင် ဘာမှမလုပ်နိုင်ဘူးဗျာ။ အခုက တော်တော်ကျပ်တည်းတဲ့ကာလဆိုတော့ အိမ်ငှားရအောင်လည်း စပေါ်ကမပေးနိုင်။ အိမ်ငှားတွေလည်း သိပ်မရှိတော့ဘူး။ အခုကကုန်စျေးနှုန်းတွေကလည်း ထက်ဝက်လောက်တက်နေတော့ အငတ်တွင်းထဲမှာ အသေခံရတော့မလိုဖြစ်နေပြီဗျာ။ ရွာကအမျိုးတွေဆီပဲ မိသားစုတွေကို ခဏပြန်ထားရတော့မယ်။ တော်သေးတယ်။ မိန်းမအမျိုးတွေက အခြားရွာတွေလို စစ်ဖြစ်တဲ့နေရာမဟုတ်နေလို့ပေါ့ဗျာ။ ကျွန်တော်က အလုပ်ရှိတော့လိုက်သွားလို့ကမရတော့ မိသားစုတွေလည်း တကွဲတပြားစီနေရတော့မှာပဲ”ဟု နေအိမ်ဖယ်ရှားခံရသည့်ထဲပါသွားသော အမည်မဖော်လိုသူတစ်ဦးက MT News သတင်းဌာန၏ မြေပြင်အခြေနေအား လိုက်လံစုံစမ်းရာတွင် ယခုကဲ့သို့ ဆိုထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *