October 18, 2024

မြန်မာ့အရေးအပေါ် သဘောထားတင်းမာသည့် မလေးရှားက နစကနှင့် အိမ်နီးချင်းနိုင်ငံများ၏ အလွတ်သဘောတွေ့ဆုံမှုကိုပါ ခွင့်ပြုပေးရန် ပြော

၂၆. ၇. ၂၀၂၃
Written by Nay Aung

အာဆီယံသဘောတူညီချက်ငါးချက်အကောင်အတည်ဖော်ရေး ပိုမိုကောင်းမွန်စေရန်အတွက် အာဆီယံအဖွဲ့အနေဖြင့် နစကနှင့် ထိတွေ့ဆက်ဆံမှုများပြုလုပ်ရမည့်အပြင် အိမ်နီးချင်းနိုင်ငံများကိုလည်း အလွတ်သဘောတွေ့ဆုံဆွေးနွေးရန် ခွင့်ပြုပေးရဖွယ်ရှိနေကြောင်း မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က ထုတ်ဖော်ပြောဆိုလိုက်သည်။

မလေးရှားဝန်ကြီးချုပ်သည် ကွာလာလမ်ပူမြို့တွင် ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မာကိုစ့်ဂျူနီယာနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် ပူးတွဲထုတ်ပြန်ချက်တွင် မြန်မာ့အရေးနှင့်ပတ်သက်ပြီး ဖော်ပြထားခြင်းဖြစ်ကြောင်း ရိုက်တာသတင်းဌာနက ဆိုသည်။

ဖိလစ်ပိုင်သမ္မတနှင့် မလေးရှားဝန်ကြီးချုပ်တို့သည် မြန်မာ့အရေးနှင့်ပတ်သက်ပြီး အာဆီယံသည် နစကနှင့်အလွတ်သဘောတွေ့ဆုံဆွေးနွေးရေး အလားအလာနှင့်ပတ်သက်ကာ ထည့်သွင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

အာဆီယံအဖွဲ့ဝင် နိုင်ငံဖြစ်သလို မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံဖြစ်သော ထိုင်းနိုင်ငံသည် ယခုနှစ်အတွင်း မြန်မာနိုင်ငံနှင့်စေ့စပ်ဆွေးနွေးမှုများကိုထိန်းသိမ်းနိုင်ရန်အတွက် မြန်မာ့အရေးအလွတ်သဘောတွေ့ဆုံဆွေးနွေးပွဲများကို အိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့သည်။

မလေးရှားအပါအဝင် အာဆီယံအဖွဲ့နိုင်ငံအချို့သည် နစကနှင့် စေ့စပ်ဆွေးနွေးမည့် မြန်မာအရေးအလွတ် သဘောတွေ့ဆုံဆွေးနွေးပွဲကို ဝေဖန်ပြစ်တင်ခဲ့ဖူးပြီး ကိုယ်စားလှယ်များစေလွှတ်ခဲ့ခြင်းမရှိကြောင်း သိရသည်။

မလေးရှားဝန်ကြီးချုပ်အန်ဝါအီဘရာဟင်က” ကျွန်တော်တို့ဟာ အာဆီယံသဘောတူညီချက်ငါးချက် အကောင်အထည်ဖော်ရေး ပိုမိုကောင်းမွန်စေဖို့ နစကနဲ့ထိတွေ့ဆက်ဆံမှုတွေလုပ်ဆောင်ရမယ်။ ဒါ့အပြင် မြန်မာနိုင်ငံရဲ့အိမ်နီးချင်းနိုင်ငံတွေကိုလည်း လူ့အခွင့်အရေးကိစ္စတွေ မပါဘဲ နစကနဲ့အလွတ်သဘောတွေ့ဆုံဆွေးနွေးမှုတွေ လုပ်နိုင်ဖို့ ခွင့်ပြုပေးသင့်တယ်”ဟုပြောသည်။

မြန်မာအပါအဝင် အဖွဲ့ဝင် ၁၀ နိုင်ငံပါဝင်သော အာဆီယံအဖွဲ့သည် ၂၀၂၁ ခုနှစ် အစောပိုင်းက ရရှိခဲ့သော အာဆီယံသဘောတူညီချက်ငါးချက် အကောင်ထည်ဖော်ရေးနှင့်ပတ်သက်ပြီး သိသာသည့်အောင်မြင်မှုမျိုးမရသည့်အတွက် ဝေဖန်ခံနေရသည်။ မြန်မာနိုင်ငံတွင် အာဏာထိန်းသိမ်းမှုများဖြစ်ပွားခဲ့ပြီးနောက် အာဆီယံအဖွဲ့ခေါင်းဆောင်များသည် နစကအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်တွေ့ဆုံဆွေးနွေးပြီး အာဆီယံသဘောတူညီချက်ငါးချက်ကို ၂၀၂၁ ခုနှစ် အစောပိုင်းတွင် သဘောတူညီမှုရယူခဲ့ကြောင်း သိရသည်။

မလေးရှားနိုင်ငံသည် အာဆီယံအဖွဲ့ဝင် နိုင်ငံများထဲတွင် နစကကို ဝေဖန်ပြစ်တင်မှုအများဆုံးပြုလုပ်ခဲ့ဖူးပြီး ယခုလအစောပိုင်းကလည်း နစကကို ပြစ်တင်ရှုတ်ချရန် တိုက်တွန်းတောင်းဆိုခဲ့ဖူးကြောင်း သိရသည်။ ဖိလစ်ပိုင် သမ္မတ ဖာဒီနန်မာကိုစ့် ဂျူနီယာသည် အဆိုပါကိစ္စနှင့်ပတ်သက်ပြီး တစ်စုံတစ်ရာမှတ်ချက်ပြုပြောဆိုခဲ့ခြင်းမရှိကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *