October 18, 2024

၂၆. ၇. ၂၀၂၃
Written By Thandar

ကဗျာဆရာ၊ ဇာတ်ညွှန်း အကယ်ဒမီ မြင့်ဦးဦးမြင့်ဟာ ကျောက်ကပ်ရောဂါကြောင့် ကျန်းမာရေး စိုးရိမ်နေရလို့ ရန်ကုန်မြို့ မြောက်ဒဂုံမြို့နယ် ပင်လုံလမ်းမကြီးပေါ်က Family General Hospital ကို အရေးပေါ်တင်ထားရပါတယ်။

“မနေ့က ညပိုင်း ကျောက်ကပ်ကြောင့်ပေါ့။ တော်တော်လေး ကျန်းမာရေးအခြေအနေ ဆိုးလာလို့ ဆေးရုံကို ပို့ခဲ့ရတယ်။ ည၉ နာရီလောက်ကလေ။ ခုကတော့ ဆေးတွေ ဆရာဝန်ကြီးက စရောက်ထဲကသွင်းပေးထားတာပါ။ ပြန်ပြီး စစ်ဆေးမှုတွေလည်း လုပ်ပေးနေပါတယ်။ နည်းနည်းတော့ ပထမ ကျောက်ကပ်ကနေစဖြစ်တာကြောင့် သူ အရေပြားယားနေတာ ကုတ်ဖဲ့နေတာ တစ်နှစ်လောက်ရှိပြီ။ အဲဒါ ကျောက်ကပ် အဆိပ်တက်တာလို့ ဆရာဝန်ကပြောတယ်။ လက်ရှိ နှလုံးဆရာဝန်နဲ့ကုသနေသလို အိမ်တိုင်ယာရောက်လိုက်ကြည့်တဲ့ ကျောက်ကပ်ဆရာဝန်၊ အထူးကုသမားတော်အဖွဲ့နဲ့လည်းပြပါတယ်။ ခုချိန်မှာတော့ နောက်ဆေးစစ်ချက်တွေ ထပ်လုပ်ထားလို့ အဖြေ သေချာ မသိရသေးပါဘူး”လို့ ဇာတ်ညွှန်း အကယ်ဒမီ မြင့်ဦးဦးမြင့်ရဲ့ ဇနီးက MT News ကိုပြောပါတယ်။

This image has an empty alt attribute; its file name is IMG_20230726_170342_608-768x1024.jpg

၂၀၂၃ ခုနှစ် ဇွန်လပိုင်းထဲက ကျန်းမာရေးမကောင်းလို့ ဆေးရုံ တစ်ခါတင်ထားရပြီး ဆေးရုံဆင်းပြီးမှာလည်း နှစ်ပတ်တစ်ကြိမ် အထူးကုသမားတော်ကြီးတွေနဲ့ ဆေးခန်းပြဖြစ်သလို အိမ်တိုင်ယာရောက် လာရောက်ကြည့်ရှုပေးတဲ့ ဆရာဝန်တွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးကလည်း သီးသန့် ရန်ပုံငွေအနေနဲ့ ဒုတိယအကြိမ်မြောက် ထောက်ပံ့ကြေးအဖြစ် ကျပ် ၂ သိန်းကိုလည်း ဦးမြင့်ဦးဦးမြင့်ကို ဇူလိုင် ၂၄ ရက်မှယ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဒုတိယဥက္ကဋ္ဌ ဦးအေးကြူလေးက သွားရောက်ပေးအပ်ခဲ့ပါတယ်။

“သူက ပထမက ကဗျာတွေက ရေးတဲ့သူတွေ ကျွန်တော်တို့နဲ့ အတူ ဇာတ်ညွှန်းရေးဖို့ ခေါ်ခဲ့တယ်။ အဲဒီ နောက်ပိုင်း ဇာတ်ညွှန်းတွေ တော်တော်များများရေးခဲ့ပြီး သူရေးတဲ့ ဇာတ်ညွှန်းတွေက နာမည်ကြီး မင်းသား၊ မင်းသမီးနဲ့ ရုပ်ရှင်ကားတွေ ရိုက်ဖို့အခွင့်ရေးကောင်းတွေ ရလာခဲ့တယ်။ ကိုယ်နဲ့ ဆရာတပည့်လိုဖြစ်နေတော့ ကျွန်တော်တို့ အလှူငွေပေးချိန်မှာ သတိရပြီး လက်အုပ်လေးပါချီပြီ ကျေးဇူးတွေတင်နေတာ။ သတိလေးက ရတစ်ချက် မရတစ်ချက်တော့ ဖြစ်နေတယ်။ ကိုယ့်လောကသားချင်းချင်း ကျန်းမာရေးမကောင်းတာ မြင်ရတော့ စိတ်ထဲမကောင်းဘူး”လို့ ဦးအေးကြူလေးက MT News ကို ပြောပါတယ်။

This image has an empty alt attribute; its file name is IMG_20230726_170350_976-768x1024.jpg

သူဟာ ကဗျာဆရာ ကနေ ဇာတ်ညွှန်းရေးဆရာအဖြစ် ဇာတ်ကားပေါင်းများစွာကို ရေးသားခဲ့ပြီး ၂၀၀၉ ခုနှစ်က ဒါရိုက်တာ ဇင်ရော်မောင်မောင် ရိုက်ကူးတဲ့ ကြိုးကြာတောင်ပံခတ်သံ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ဇာတ်ညွှန်းထူးချွန်ဆုအနေနဲ့ အကယ်ဒမီ ဆုကိုဆွတ်ခူးရရှိထားသူလည်းဖြစ်ပါတယ်။ ကြိုးကြာတောင်ပံခတ်သံဟာ ၂၀၀၇ ခုနှစ်က အမျိုးသားစာပေဆုရဝတ္ထု တစ်ပုဒ်ကို ရွှေစင်ဦး ရုပ်ရှင်ထုတ်လုပ်ရေးက ပြန်လည် ရိုက်ကူးပုံဖော်ခဲ့တာလည်းဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးရဲ့ဇာတ်ညွှန်းအဖွဲ့ဝင်တစ်ဦးဖြစ်ပြီးအကယ်ဒမီဆင်ဆာအဖွဲ့ဝင်တစ်ဦးလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *