October 18, 2024

၂၆. ၇. ၂၀၂၃
Written by Ye Kyaw

တောင်သူလယ်သမားများအတွက် လိုအပ်သည့် သီးနှံအာမခံထားရှိနိုင်ရေးအတွက် မြန်မာ့အာမခံလုပ်ငန်းက ဆောင်းစပါးသီးနှံအမီ ပေါ်လစီ(မူဝါဒ)ရေးဆွဲ ဆောင်ရွက်လျက်ရှိကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ဇူလိုင်လ ၂၅ ရက်တွင် ပြုလုပ်သည့် အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့၏ (၃၃) ကြိမ်မြောက် (ပုံမှန်) အစည်းအဝေး၌ ပြောကြားခဲ့သည်။

လက်ရှိအချိန်တွင် သီးနှံများကြိတ်ခွဲပြီး သယ်ယူသည့်အခါတွင်လည်းကောင်း၊ သိုလှောင်သည့်အခါတွင် လည်းကောင်း လိုအပ်သည့် အာမခံအကာအကွယ်များဖြစ်သည့် မီးအာမခံ၊ သယ်ယူပို့ဆောင်ရေးနှင့် သက်ဆိုင်သည့် အာမခံအကာအကွယ်များကို အာမခံကုမ္ပဏီများမှ ရောင်းချပေးလျက်ရှိကြောင်း ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောကြားသည်။

ထို့ပြင် အထွေထွေအာမခံကုမ္ပဏီများအနေဖြင့် ရခိုင်ပြည်နယ်တွင် မိုခါမုန်တိုင်းဖြစ်ပွားမှုကြောင့် မီးအာမခံနှင့် မော်တော်ကားအာမခံများအတွက် အာမခံလျော်ကြေး ပေးချေမှုများ ဆောင်ရွက်ခဲ့ကြောင်း အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့မှ သိရသည်။

မြန်မာနိုင်ငံ၏ အာမခံဈေးကွက်တွင် ရာနှုန်းပြည့်နိုင်ငံခြားသားပိုင် အသက်အာမခံကုမ္ပဏီ ၅ ခု၊ ဖက်စပ်အသက်အာမခံကုမ္ပဏီ ၃ ခု၊ နိုင်ငံသားပိုင် အသက်အာမခံကုမ္ပဏီ ၉ ခု၊ ဖက်စပ် အထွေထွေအာမခံကုမ္ပဏီ ၃ ခု၊ နိုင်ငံသားပိုင် အထွေထွေအာမခံကုမ္ပဏီ ၆ ခုနှင့် မြန်မာ့အာမခံလုပ်ငန်းအပါအဝင် အာမခံကုမ္ပဏီ ၂၇ ခုက အာမခံဝန်ဆောင်မှုများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ပုဂ္ဂလိကအာမခံကုမ္ပဏီများမှ အာမခံအမျိုးအစား ၄၂ မျိုးကို ဝန်ဆောင်မှုပေးလျက်ရှိပြီး အာမခံလုပ်ငန်း ကြီးကြပ်ရေးအဖွဲ့အနေဖြင့် အာမခံကုမ္ပဏီများက အဆိုပြုတင်ပြလာကြသော အသက်အာမခံနှင့် အထွေထွေအာမခံ အမျိုးအစားသစ်များကို ဥပဒေ၊ စည်းမျဉ်း စည်းကမ်းများနှင့်အညီ စိစစ်ခွင့်ပြုပေးလျက်ရှိကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *