October 18, 2024

ကမ္ဘောဒီးယားနိုင်ငံကို ၃၈ နှစ်ကြာ စံချီန်တင်အုပ်ချုပ်ခဲ့သော ဝန်ကြီးချုပ် ဟွန်ဆန်(ဝဲ)နှင့် သားဖြစ်သူ ဝန်ကြီးချုပ်သစ် ဟွန်မာနက်

၂၆. ၇. ၂၀၂၃
Translated by Htwe Ko Tun

ကမ္ဘောဒီးယားနိုင်ငံကို ဝန်ကြီးချုပ်အဖြစ် ၃၈ နှစ်ကြာ အုပ်ချုပ်ခဲ့သော ဟွန်ဆန်က ဇူလိုင်လ ၂၆ ရက်၊ မွန်းလွဲ ၂ နာရီ ၁၀ မိနစ်တွင် ရေဒီယိုနှင့်ရုပ်မြင်သံကြားတို့မှ နိုင်ငံသို့ကြေညာခဲ့ရာ၌ ၎င်းအနေဖြင့် ဝန်ကြီးချုပ်ရာထူးမှ အနားယူတော့မည်ဖြစ်ကြောင်း ပြောကြားသွားခဲ့သည်။

ဟွန်ဆန်က ဘုရင်အနေဖြင့် ရက်သတ္တပတ် သုံးပတ်အတွင်း နိုင်ငံ၏ဝန်ကြီးချုပ်သစ် ခန့်အပ်မှုကို ကြေညာမည်ဖြစ်ကြောင်းလည်း ပြောခဲ့သည်။ ဝန်ကြီးချုပ်သစ်အဖြစ် ဟွန်ဆန်၏သားဖြစ်သူ ဟွန်မာနက်ကို ခန့်အပ်သွားမည်ဟု သိရသည်။ ထို့ပြင် ဟွန်ဆန်က ၎င်းအနေဖြင့် သားဖြစ်သူက ဝန်ကြီးချုပ်တာဝန်ထမ်းဆောင်မှုကို တစ်စုံတစ်ရာ ဝင်ရောက်စွက်ဖက်မည်မဟုတ်ဟုလည်းပြောခဲ့သည်။

ဟွန်ဆန်က ၎င်း၏ ဝန်ကြီးချုပ်ရာထူးမှအနားယူမှုမှာ ဖွံ့ဖြိုးတိုးတက်မှု၏ အခြေခံဖြစ်သော ရေရှည်တည်ငြိမ်အေးချမ်းမှုသို့ ရှေ့ပြေးဆောင်ရွက်ခြင်းဟုလည်းပြောခဲ့သည်။ ထို့ပြင် သားဖြစ်သူ ဟွန်မာနက်အား ဝန်ကြီးချုပ်တာဝန်ပေးမှု၌လည်း အဆင့်ကျော်လွန်ဆောင်ရွက်ခြင်းမရှိဟု ၎င်းကပြောခဲ့သည်။

ထို့ပြင် ၎င်းက ဤကဲ့သို့ ဝန်ကြီးချုပ်တာဝန်ကို စွန့်လွှတ်မှုမှာ နိုင်ငံ၏ငြိမ်းချမ်းရေးကို အာမခံနိုင်စေရန် ကြီးမားသော အနစ်နာခံခြင်းတစ်ရပ်သာဖြစ်ပြီး ဘုရင်သီဟာနုက သရဖူအားလွှဲပြောင်းပေးခဲ့သလိုပင် တာဝန်မှအနားယူခြင်းဟုဆိုခဲ့သေးသည်။

ဟွန်ဆန်က အစိုးရအဖွဲ့မှ အနားယူပြီးနောက် ဘုရင်က ၎င်းအား ဘုရင်၏ အကြံပေးကောင်စီဥက္ကဋ္ဌအဖြစ်ခန့်အပ်သွားလိမ့်မည်ဟုလည်း ပြောခဲ့သည်။ ၎င်းက ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၂၅ ရက်တွင် အထက်လွှတ်တော်ရွေးကောက်ပွဲများ ကျင်းပပြီးနောက် အထက်လွှတ်တော်ဥက္ကဋ္ဌအဖြစ် တာဝန်ယူလိမ့်မည်ဟုလည်း သိရသည်။

Ref—-Khmer Times

Leave a Reply

Your email address will not be published. Required fields are marked *