October 18, 2024

၂၆. ၇. ၂၀၂၃
Written by Pan Ei

ဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်း ကမ်းရိုးတန်းဒေသကို ဒီနေ့ (ဇူလိုင်လ ၂၆ရက်) မှာ အားပြင်း တိုင်ဖွန်းမုန်းတိုင်း ဒေါ့ဆူရီ ဝင်ရောက်ခဲ့ရာ ရေကြီးရေလျှံမှုတွေနဲ့ မြေပြိုမှုတွေ နိုင်ငံအတွင်းဖြစ်ပွားခဲ့ပြီး အနည်းဆုံးလူ ၁ ဦး သေဆုံးခဲ့သလို လူပေါင်း ထောင်နဲ့ချီ လျှပ်စစ်မီးပြတ်တောက်မှုနဲ့ ကြုံတွေ့နေရတယ်လို့ ဒီနေ့ မွန်းလွဲပိုင်းမှာ ထုတ်ပြန်တဲ့သတင်းတွေအရ သိရပါတယ်။

ဖိလစ်ပိုင်မှာ Egay လို့ လူသိများတဲ့ ဒေါ့ဆူရီမုန်တိုင်းဟာ ဖိလစ်ပိုင်နိုင်ငံ ကမ်းရိုးတန်းဒေသကို လေတိုက်နှုန်း တစ်နာရီကို ၁၇၅ ကီလိုမီတာ (တစ်နာရီ ၁၀၈ မိုင်) နှုန်းနဲ့ တိုက်ခတ်ခဲ့တာဖြစ်ပြီး နိုင်ငံတွင်းဒေသငါးခုမှာ ရေကြီးရေလျှံမှုတွေနဲ့ မြေပြိုမှု တစ်ဒါဇင်ကျော်ဖြစ်ပွားခဲ့တယ်လို့ သိရသလို ရီဇယ်လ်ပြည်နယ်မှာ အနည်းဆုံး လူတစ်ဦး သေဆုံးခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။

This image has an empty alt attribute; its file name is photo_2023-07-26_14-25-41-1024x576.jpg

ဒါ့အပြင် ပင်လယ်ပြင်ခရီးသွားလာမှုတွေကိုလည်း ရပ်ဆိုင်းထားရတာကြောင့် နိုင်ငံတဝှမ်းမှာရှိတဲ့ ဆိပ်ကမ်းတွေမှာ ခရီးသည် ၄၀၀၀ ကျော် သောင်တင်နေခဲ့တယ်လို့လည်း ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။

ဒေါ့ဆူရီမုန်တိုင်းက လေတိုက်နှုန်း တစ်နာရီကို ၂၀၀ ကီလိုမီတာ (တစ်နာရီကို ၁၂၄ မိုင်) အထိရှိမယ်လို့ ခန့်မှန်းထားခဲ့တာကြောင့် မုန်တိုင်းလမ်းကြောင်းအတွင်း နေထိုင်သူတချို့ကို ဒေသဆိုင်ရာအစိုးရက မနေ့ကစတင် ပြောင်းရွှေ့ပေးခဲ့ပြီး ဒီနေ့တိုက်ခတ်ရာမှာတော့ အားအနည်းငယ် ပျော့ခဲ့ကာ တရုတ်နိုင်ငံ မိုးလေဝသဌာနက ဒေါ့ဆူရီ မုန်တိုင်းဟာ ကီလိုမီတာ ၉၀၀ (မိုင် ၅၆၀) နီးပါး ဖြတ်ကာ တရုတ်တိုင်ပေနဲ့ တရုတ်ပြည်မကြီးဘက်ကို ဆက်လက်ရွေ့လျားနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

This image has an empty alt attribute; its file name is photo_2023-07-26_14-25-46.jpg

ဇူလိုင်လတစ်လျှောက်လုံး ကမ္ဘာ့နေရာတော်တော်များများမှာ စံချိန်တင် အပူချိန်မြင့်တက်မှုတွေဖြစ်ပေါ်ခဲ့ပြီး အမေရိကန်နဲ့ မြေထဲပင်လယ်နိုင်ငံတွေမှာ တောမီးလောင်ကျွမ်းမှုတွေလည်း ဖြစ်ပွားခဲ့ပါတယ်။ ခုလို ကမ္ဘာကြီးပူနွေးလာတာဟာ လေတိုက်နှုန်းပိုပြင်းထန်တဲ့ မုန်တိုင်းတွေပိုမိုတိုက်ခတ်လာနိုင်တယ်လို့လည်း သိပ္ပံပညာရှင်တွေက ပြောကြားထားပါတယ်။

Ref; Reuters

Leave a Reply

Your email address will not be published. Required fields are marked *