October 18, 2024

ထိုင်းနိုင်ငံဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှီနာဝါထရာ ကို ၂၀၂၃ ခုနှစ်၊ မတ်လက တွေ့ရစဉ်။

၂၆. ၇. ၂၀၂၃
Translated by Htwe Ko Tun

ထိုင်းနိုင်ငံ ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှီနာဝါထရာ က ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ ဒွန်မောင်းလေဆိပ်ကို ဩဂုတ်လ ၁၀ ရက်မှာ ပြန်လည်ရောက်ရှိမယ်လို့ သက်ဆင်ရဲ့သမီးဖြစ်တဲ့ ‘အန်အင်း’ (Ung Ing) လို့ ချစ်စနိုးခေါ်ကြတဲ့ ပေတုံတန် ရှီနာဝါထရာက ဒီနေ့ ဇူလိုင်လ ၂၆ ရက်မှာ Instagram လူမှုကွန်ရက်ပေါ် ရေးသားဖော်ပြခဲ့ပါတယ်။

ဖျူထိုင်းပါတီခေါင်းဆောင်တစ်ဦးဖြစ်တဲ့ မစ္စက်ပေတုံတန်က ဖခင်ဖြစ်သူရဲ့ ၇၄ နှစ်မြောက်မွေးနေ့မှာ “ရေးနေရတာတောင် ကိုယ့်ဟာကိုယ် အတော်လေး မယုံနိုင်ဖြစ်မိတယ်။ ကျွန်မအဖေက ဩဂုတ်လ ၁၀ ရက်မှာ ဒွန်မောင်းလေဆိပ်ကို ပြန်ရောက်တော့မှာပါ။ ကျွန်မတို့မိသားစုအနေနဲ့တော့ ဝမ်းလည်းသာတယ်။ စိုးရိမ်မှုလည်းဖြစ်မိတယ်။ ဒါပေမယ့် ကျွန်မတို့ မိသားစုဝင်တွေအားလုံး အဖေ့ဆုံးဖြတ်ချက်တွေကို အမြဲတန်းလေးစားလိုက်နာပါတယ်” လို့လည်း ဆက်လက် ရေးခဲ့ပါသေးတယ်။

ပေတုံတန်က သူမအနေနဲ့တော့ ဖခင်ဖြစ်သူကျန်းမာရေးနဲ့ လုံခြုံစိတ်ချရမှုရှိစေရေးတို့အပြင် ဖခင်ဖြစ်သူရဲ့ မြေးတွေကို ပုံမှန်ကျောင်းလိုက်ပို့ချင်တဲ့ဆန္ဒကိုပြည့်ဝစေဖို့လည်း ဆုတောင်းနေတယ်လို့ဆိုပါတယ်။ ဆက်လက်ပြီးတော့ သူမက ဖခင်ဖြစ်သူဟာ နိုင်ငံ့အတွက် အများဆုံးဖြည့်ဆည်းကူညီပေးခဲ့တဲ့ ဝန်ကြီးချုပ်တစ်ဦးအဖြစ် အသိအမှတ်ပြုခံခဲ့ရပါကြောင်း၊ ဒါပေမယ့် ဖခင်ဖြစ်သူဟာ အခက်အခဲတွေနဲ့ ကြမ်းတမ်းနှိပ်စက်မှုတွေကိုလည်းကြုံခဲ့ရတယ်လို့ ဆိုခဲ့ပါတယ်။

ဝန်ကြီးချုပ်ဟောင်း သက်ဆင်အနေနဲ့ ပြီးခဲ့တဲ့နှစ်တွေထဲက နှစ်စဉ်လိုလို ထိုင်းနိုင်ငံကိုပြန်လာဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ဘူးလို့လည်း ပေတုံတန်က ရေးခဲ့ပါတယ်။ ၂၀၀၆ ခုနှစ် စက်တင်ဘာလ ထိုင်းနိုင်ငံမှာ အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် ၂၀၀၈ ခုနှစ်မှာ ခေတ္တပြန်ရောက်ခဲ့တာကလွဲလို့ သက်ဆင်ဟာ ပြည်နှင်ဒဏ်ပေးခြင်းခံရပြီး ထိုင်းနိုင်ငံ ပြင်ပမှာပဲ ရှိနေခဲ့ရတာပါ။

Ref—– Bangkok post

Leave a Reply

Your email address will not be published. Required fields are marked *