October 18, 2024

၂၆. ၇. ၂၀၂၃
Written by Min Mahar

ကလေးမြို့နယ်၊ အင်းစိန်ကျေးရွာရှိ “ရွှေပါရမီ”ဘုန်းကြီးကျောင်း၏ လက်ထောက်ကျောင်းထိုင်ဆရာတော်(ဓမ္မစကူးလ်ဦးဆောင်သူ)အား PDF အဖွဲ့များက ယမန်နေ့ မွန်းလွဲပိုင်းတွင် ဒလန်ဟုစွပ်စွဲကာ သ-တ်ဖြတ်လိုက်ကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။

ဖြစ်စဉ်မှာ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ အင်းစိန်ကျေးရွာရှိ “ရွှေပါရမီ”ဘုန်းကြီးကျောင်းတွင် သီတင်းသုံးနေထိုင်လျက်ရှိသည့် သက်တော် ၄၃ နှစ်၊ ဝါတော် ၂၃ ဝါရှိသော လက်ထောက်ကျောင်းထိုင် ဆရာတော် ဦးဝိဇယသည် ကျောင်း၌ သီတင်းသုံးနေစဉ်အတွင်း ယမန်နေ့(ဇူလိုင် ၂၅ ရက်)မွန်းလွဲ ၂ နာရီခန့်တွင် နတ်မြောင်းကျေးရွာ ပကဖအဖွဲ့မှ ဖိုးကျော် ခေါင်းဆောင်သည့် အင်အား ၃၀ ဦးခန့် ရောက်ရှိလာခဲ့ပြီး ဆရာတော်အား ဒလန်ဟု စွပ်စွဲကာ အင်းစိန်ကျေးရွာတောင်ဘက်လယ်ကွင်းရှိ တောင်ယာတဲသို့ ဖမ်းဆီးခေါ်ဆောင်သွားကာ သေနတ်ဖြင့် ပစ်ခတ်သ-တ်ဖြတ်ခဲ့သဖြင့် ဆရာတော်မှာ ဖြစ်စဉ်နေရာတွင် ပျံလွန်တော်မူသွားကြောင်း အမည်မဖော်လိုသူ ရွာသားတစ်ဦးပြောပြချက်အရ သိရသည်။

“အင်းစိန်ရွာက “ရွှေပါရမီ”ဘုန်းကြီးကျောင်းမှာ သီတင်းသုံးနေတဲ့ လက်ထောက်ဆရာတော်လည်းဖြစ်ပြီး ဓမ္မစကူးလ်ကိုလည်း ဦးဆောင်နေတဲ့ဆရာတော်တစ်ပါးလည်း ဖြစ်သူကို နတ်မြောင်းကျေးရွာ ပကဖအဖွဲ့မှ ဖိုးကျော် ခေါင်းဆောင်တဲ့သူတွေက သေနတ်နဲ့ပစ်သ-တ်သွားတယ်လို့ ဦးဇင်းကြားတော့ အတော်စိတ်မကောင်းဖြစ်သွားတယ်။ ဆရာတော်က နတ်မြောင်ရွာက စစ်ဘေးရှောင်စခန်းမှာလည်း ပရဟိတအလုပ်တွေ လုပ်ပေးတယ်။ တိုင်းပြည်နဲ့လူမျိုးအတွက်ရော ဘာသာသာသနာအတွက်ပါ ရှက်စရာကောင်းတဲ့ မလုပ်သင့်မလုပ်ထိုက်တဲ့လုပ်ရပ်လို့မြင်တယ်။ ငရဲကိုလည်း ကြောက်လည်းမကြောက်ကြတော့ဘူး။ ဘုရားသားတော်ဖြစ်တဲ့ သံဃာတစ်ပါးကို ကြက်ကလေး ငှက်ကလေးသ-တ်သလို သ-တ်ပစ်လိုက်ကြတယ်”ဟု ကလေးမြို့ရှိ ဓမ္မစကူးလ်ဆရာတော်တစ်ပါးမှ MT News သတင်းဌာနသို့ ယခုလိုပြောပြသည်။

အဆိုပါ “ရွှေပါရမိ”ဘုန်းကြီးကျောင်းတွင် ကျောင်းထိုင်ဆရာတော် ဦးဥတ္တမ ဦးစီး၍ သံဃာတော် ၄ ပါး သီတင်းသုံးလျက်ရှိပြီး ရှင်သာမဏေမရှိကြောင်းနှင့် ဆရာတော်  ဦးဝိဇယ မှာမူ ကလေးမြို့နယ်၊ ထောက်ကြန့်ကျေးရွာဇာတိဖြစ်ကာ “ရွှေပါရမီ” ဘုန်းကြီးကျောင်း၌ သီတင်းသုံးလျက်ရှိသည်မှာ ၂ နှစ်ခန့်ရှိပြီဖြစ်ကြောင်း သိရသည်။

” အခုဆရာတော်အသ-တ်ခံရတဲ့နေရာနဲ့ ကလေးမြို့က ၁၃ မိုင်လောက်ဝေးတယ်။ ဆရာတော်ကို သ-တ်သွားတဲ့ နတ်မြောင်းကျေးရွာပကဖအဖွဲ့မှ ဖိုးကျော် ခေါင်းဆောင်တဲ့အဖွဲ့တွေက ကျေးရွာအနီးဝန်းကျင်ရှိ စာသင်ကျောင်းတွေမှာ ပုန်းနေကြတာပါ။ နတ်မြောင်းကျေးရွာနဲ့ အင်းစိန်ကျေးရွာက ၃ မိုင်လောက်ပဲကွာဝေးတာပါ”ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ဆိုသည်။

Leave a Reply

Your email address will not be published. Required fields are marked *