October 18, 2024

၂၆. ၇. ၂၀၂၃
Written by Pan Ei

အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်မှာရှိတဲ့ ရွာတစ်ရွာက အမျိုးသမီးငယ်တစ်ဦးဟာ ပြိုင်ဘက်ရွာက ချစ်သူကောင်လေးနဲ့ ချိန်းတွေ့နိုင်ဖို့အတွက် သူမရဲ့ တစ်ရွာလုံးကို ညတိုင်း လျှပ်စစ်မီး ဖြတ်တောက်ထားခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီဖြစ်စဉ်ဟာ အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ် အနောက်ချန်ပါရန်ခရိုင်က ရွာတစ်ရွာဖြစ်တဲ့ ဘက်တီရာရွာမှာ မကြာသေးမီက ဖြစ်ပွားခဲ့တာဖြစ်ပြီး အဲ့ဒီရွာက လူတွေဟာ ညတိုင်းလိုလို မီးပျက်တာကို တစ်ပတ်လောက် ကြုံတွေ့ခဲ့ရပါတယ်။ ညဘက်တွေမှာ အလင်းရောင်မရှိဘဲ မှောင်နေခဲ့တာက သူခိုးတွေရဲ့ ရန်ကို စိတ်ပူရတာကြောင့် သူတို့ဆီ မီးလာပြင်ပေးဖို့ လျှပ်စစ်ကုမ္ပဏီကို တောင်းဆိုခဲ့ပြီးနောက် စစ်ဆေးရာမှာလည်း ချို့ယွင်းချက် တစ်စုံတစ်ရာကို မတွေ့ခဲ့ရပါဘူး။

အဲ့ဒါကြောင့် ရွာထဲမှာ ဘာတွေဖြစ်နေတာလဲဆိုတာ သိချင်တဲ့ ရွာခံတချို့က စောင့်ကြည့်ခဲ့ကြရာမှာတော့ လူငယ်စုံတွဲတစ်တွဲကို အမှောင်ဖုံးနေတဲ့ ညလယ်မှာ တွေ့ရှိခဲ့ကြပြီး ပရီတစ် ကုမာရီ ဆိုတဲ့ ရွာခံမိန်းကလေးက ပြိုင်ဘက်ရွာက ရေဂျူမားဆိုသူ လူငယ်ကို ချစ်မိသွားခဲ့ပြီးနောက် သူတို့ရဲ့ ဆက်ဆံရေးကို လျှို့ဝှက်ထားဖို့ သူမက တစ်ရွာလုံးကို ညတိုင်း မီးဖြတ်တောက်ခဲ့တယ်ဆိုတာကို သိရှိခဲ့ကြရပါတယ်။

အိန္ဒိယဆိုရှယ်မီဒီယာပေါ် ပျံ့နှံ့လာခဲ့တဲ့ သူတို့ဖြစ်စဉ် ဗီဒီယိုထဲမှာတော့ သူမဟာ ချစ်သူ ရေဂျူမားကို ရိုက်နှက်ဖို့ ခြိမ်းခြောက်နေကြတဲ့ ရွာသွားတွေကြားကနေ သူမချစ်သူကို ခုခံကာကွယ်ဖို့ ကြိုးစားနေခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ ရေဂျူမားဟာ ရွာသားတွေဆီက အနည်းငယ်ရိုက်ခံရပြီးနောက် ထွက်ပြေးလွတ်မြောက်ခဲ့ပြီး သူ့ရွာက အဖော်တွေနဲ့အတူ ပြန်လာကာ နှစ်ဖက်ရွာ ရန်ပွဲတွေ ဖြစ်ခဲ့ကြပါတယ်။

နောက်ဆုံးမှာတော့ နှစ်ဖက်ရွာအတွင်းအကြမ်းဖက်မှုတွေနဲ့ လျှပ်စစ်မီး ပြတ်တောက်မှုတွေ ထပ်မဖြစ်ဖို့ ရွာနှစ်ရွာက လူတွေက သူတို့ ချစ်သူနှစ်ဦးကို လက်ထပ်ပေးဖို့ ဆုံးဖြတ်ခဲ့ကြပြီး သူတို့ရဲ့ မင်္ဂလာပွဲကို ဒေသခံ ဘုရားကျောင်းမှာ တရားဝင် ကျင်းပပေးခဲ့ပါတယ်။

အမျိုးသမီးငယ် ပရီတစ် ဟာ သူတို့ ချစ်သူနှစ်ဦးရဲ့ ဆက်ဆံရေးကို လျှို့ဝှက်ထားဖို့ တစ်ရွာလုံးကို လျှပ်စစ်ဖြတ်တောက်ဖို့စိတ်ကူးဟာ မနှစ်က အိန္ဒိယနိုင်ငံမှာ နာမည်ကြီးခဲ့တဲ့ ချစ်သူကောင်မလေးက်ု လျို့ဝှက်တွေ့ဆုံဖို့ရာ သူ့ရဲ့ ရွာကို လျှပ်စစ်ဖြတ်တောက်ခဲ့တဲ့ အိန္ဒိယလျှပ်စစ်ဝန်ထမ်းတစ်ဦးရဲ့ အဖြစ်ကနေ အကြံရရှိခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။

Ref; Oddity Central

Leave a Reply

Your email address will not be published. Required fields are marked *