October 18, 2024

၂၆. ၇. ၂၀၂၃
Written by Peya

မို​ခါမုန်တိုင်းဒဏ်သင့်သွားသော စစ်တွေမြို့ရှိ ကိုလိုနီခေတ်လက်ရာ သမိုင်းဝင် သံကျောင်းဘုရားသိမ်တော်ကြီးကို ရှေးမူမပျက် ပြုပြင်မည် ဖြစ်ကြောင်း ရခိုင် ပြည်နယ်အစိုးရအဖွဲ့မှ သယံဇာတရေးရာဝန်ကြီး ဦးသန်းထွန်းက MT News သတင်းဌာနသို့ ပြောသည်။

အဆိုပါ သိမ်တော်ကြီးကို ရခိုင်ပြည်နယ်မှ ကိုလိုနီခေတ် နာမည်ကျော် သူဌေးကြီး ဦးရဲကျော်သူက တည်ဆောက် လှူဒါန်းခဲ့ခြင်းဖြစ်ကာ ရဲကျော်သူ သိမ်ကျောင်းဟုလည်း ဒေသခံများက ခေါ်ဝေါ်ကြသည်။ ထို့အတူ စစ်တွေမြို့သို့ ရောက်လာသည့် ခရီးသွားများ သွားရောက် ဖူးမြော် လည်ပတ်ရာ နေရာတစ်ခုလည်းဖြစ်ပြီး ရှေးဟောင်းသမိုင်းကို စိတ်ဝင်စားသူများ တကူးတက လေ့လာရာ နေရာလည်း ဖြစ်သည်။

“ဒါကတော့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဗဟိုဌာန (DMC) က ပြင်မှာပါ။ ဦးရဲကျော်သူကျောင်းဆိုရင် သွပ်မိုးတွေကတော့ အင်္ဂလိပ်ခေတ်ကတည်းကဆိုတော့ အကြိမ်ကြိမ် လဲပြီးပြီ။ Frame တွေကတော့ မူလအတိုင်းပဲ ရှိတယ်။ ဒါပေမယ့် ဒီ မိုခါမှာတော့ ထောက် ထားတဲ့ သံ Frame တွေ နည်းနည်းပျော့သွားတာ ရှိတယ်။ အဓိကတော့ တိုင်လေးတိုင်ပေါ့။ အောက်ကခြေက နည်းနည်းနည်းကြာတော့ ရေစားတာ ရှိတယ်။ ဒီလောက်အများကြီးမဟုတ်ဘူး။ နောက်တစ်ခုက ဘုရားကြီးက ဒီလောက် လေမုန်တိုင်း တိုက်ခဲ့တာတောင် ရေလည်း မထိဘူး။ ဘာလို့လည်း ဆိုတော့ ဘုရားကြီးအပေါ်မှာ အမိုးတစ်ထပ်ရှိတယ်ဆိုတာ အခုမှ သိတယ်” ဟု ဦးသန်းထွန်းက ဆိုသည်။

အဆိုပါ ဘုရားကြီးကို လက်ရှိ ပြုပြင်ရာတွင် ဘုရားကြီး၏ သံ Frame ကို မူလအတိုင်း ပြန်လည် ပြုပြင်မည် ဖြစ်ကာ အမိုးမိုးမည် ဖြစ်ပြီး တိုင်လေးတိုင်ကိုလည်း အားဖြည့်သွားမည်ဖြစ်ကြောင်းလည်း ဝန်ကြီး၏ ပြောကြားချက်အရ သိရသည်။

အဆိုပါ ကျောင်းတွင် ဗိသုကာလက်ရာများစွာလည်း လေ့လာမကုန်အောင်ရှိနေပြီး နဂိုမူလအတိုင်းနှင့် တာရှည်ခံစေရန် ပြုပြင်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *