၂၆. ၇. ၂၀၂၃
Written by Min Mahar
ပခုက္ကူမြို့ပေါ်ရှိ “တမာရိပ်”စားသောက်ဆိုင်ပိုင်ရှင် (ရပ်ကွက် အုပ်ချုပ်ရေးမှူးဟောင်း)ကို PDF သုံးဦးက နေအိမ်ထဲဝင်ရောက်ပြီး သေနတ်ဖြင့် ၃ ချက်ပစ်ခတ် သ-တ်ဖြတ်သွားသည့်ဖြစ်စဉ်တစ်ခု ယနေ့မနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ဖြစ်စဉ်မှာ ဇူလိုင် ၂၆ ရက်(ယနေ့) မနက် ၈ နာရီ ၃၀ မိနစ်ခန့်က မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အမှတ်(၃) ရပ်ကွက်၊ ၄ လမ်းနှင့် ၅ လမ်းကြား၊ သီတာလမ်းမပေါ်ရှိ”တမာရိပ်”စားသောက်ဆိုင်ပိုင်ရှင် အသက် ၅၃ နှစ်အရွယ်ရှိသော အမျိုးသားကြီး(ရပ်ကွက်အုပ်ချုပ်ရေးမှူးဟောင်း)သည် နေအိမ်အတွင်း မိသားစုများနှင့်အတူရှိနေစဉ် PDF အဖွဲ့မှ အမည်မသိ အမျိုးသား ၃ ဦးသည် ဆိုင်ကယ် ၂ စီးဖြင့် သီတာလမ်း ၅ လမ်းဘက်မှ သေနတ်အတို ၃ လက်ဖြင့် ရောက်ရှိလာပြီး နေအိမ်အတွင်းသို့ အတင်းဝင်ရောက်၍ ဆိုင်ပိုင်ရှင်အား လုံးထွေးသတ်ပုတ်ကာ သေနတ်ဖြင့် ၃ ချက်ပစ်ခတ်ပြီး သီတာလမ်း၊ ၅ လမ်းအတိုင်း ကျောက်မိချောင်းဘက်သို့ ပြန်လည်ထွက်ပြေးသွားကြောင်း အသ-တ်ခံရသည့်ဆိုင်ပိုင်ရှင်၏ မိသားစုဝင်တစ်ဦးမှ MT News သတင်းဌာနသို့ ပြောပြချက်အရ သိရသည်။
ယင်းကဲ့သို့ သေနတ်ဖြင့် ပစ်ခတ်သ-တ်ဖြတ်သွားမှုကြောင့် ဆိုင်ပိုင်ရှင်အမျိုးသားကြီးသည် နားထင်ကို ဖောက်ဝင်သွားသည့် ဒဏ်ရာ ၁ ချက်၊ ဝဲမျက်ခုံးအား ဖောက်ဝင်သည့်ဒဏ်ရာ ၁ ချက်နှင့် ဝဲပခုံးနောက်ကျောကိုလည်း ဖောက်ဝင်သွားသောဒဏ်ရာ ၁ ချက်တို့ရရှိခဲ့ပြီး နေအိမ်အောက်ထပ်ရေအိုးစင်အနီးတွင် သေဆုံးသွားသဖြင့် ဒေသခံပရဟိတလူမှုကူညီရေးအသင်းယာဉ်ဖြင့် အလောင်းအား ပခုက္ကူမြို့ပြည့်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။
အဆိုပါအခင်းဖြစ်ပွားသည့်နေရာသို့ သက်ဆိုင်ရာတာဝန်ရှိသူများမှလည်း ရောက်ရှိလာကာ စစ်ဆေးမှုများပြုလုပ်ခဲ့ပြီး လမ်းများအားပိတ်ဆို့၍ လိုက်လံစုံစမ်းမှုများလည်းပြုလုပ်ခဲ့ကြောင်း အမည်မဖော်လိုသူ မြို့နေပြည်သူတစ်ဦးထံမှ သိရသည်။