၂၆. ၇. ၂၀၂၃
Written by Pan Ei
သြစတြေးလျနိုင်ငံ အနောက်ဘက်က ကမ်းခြေတစ်ခုမှာ မနေ့ညက ဝေလငါးတွေ သောင်တင်မှုဖြစ်ပွားခဲ့ပြီးနောက် ဝေလငါး ၅၁ ကောင် သေဆုံးခဲ့တယ်လို့ အာဏာပိုင်တွေက ဒီနေ့ ( ဇူလိုင်လ ၂၆ ရက်) မှာ ပြောကြားခဲ့ပါတယ်။
သြစတြေးလျအနောက်ပိုင်းက ပါ့သ်မြို့ရဲ့အရှေ့တောင်ဘက် ကီလိုမီတာ ၄၅၀ (မိုင် ၂၈၀) အကွာမှာရှိတဲ့ Cheynes ကမ်းခြေအနီးမှာ ဝေလငါးအကောင်ရေ ၁၀၀ ခန့်ဟာ မနေ့က ကူးခတ်သွားလာနေခဲ့ကြပြီး သူတို့ကို ပင်လယ်ထဲကိုပြန်သွားဖို့ ရေကြောင်းကျွမ်းကျင်သူတွေနဲ့ စေတနာ့ဝန်ထမ်းတွေက အစောပိုင်းက ကြိုးပမ်းခဲ့ကြပေမဲ့ အဲ့ဒီနောက်မှာ ဝေလငါးတွေက ကမ်းခြေတစ်ခုလုံးနီးပါးအထိ ပြည့်နှက်လာခဲ့တယ်လို့သိရပါတယ်။ အဲ့ဒါကြောင့် ရေကြောင်းကျွမ်းကျင်သူတွေနဲ့ စေတနာ့ဝန်ထမ်းတွေက ဝေလငါးတွေကို တစ်ညလုံး စခန်းချစောင့်ကြည့်ခဲ့ကြပါတယ်။
ဒါပေမဲ့လည်း ကမ်းခြေနားက ဝေလဝါးတွေရဲ့ ထက်ဝက်လောက်ဖြစ်တဲ့ ဝေလငါး ၅၁ ကောင်ဟာ မနေ့ညက အစုလိုက်အပြုံလိုက် သောင်တင်ခဲ့ပြီးနောက် သေဆုံးသွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပြီး အကြောင်းအရင်းကိုတော့ မသိရသေးပါဘူး။
ဒီနေ့ နေ့လယ်ဘက်မှာတော့ ကျန်ရှိနေတဲ့ ဝေလငါး ၄၆ ကောင်ကို ရေနက်ပိုင်းဆီ ပြန်ပို့နိုင်ဖို့ စေတနာ့ဝန်ထမ်းတွေနဲ့ အခြားအဖွဲ့အစည်းတွေက ပူးပေါင်းလုပ်ဆောင်နေကြတယ်လို့လည်း သိရပါတယ်။
ဆူးတောင်ရှည် နို့တိုက်သတ္တဝါတွေဖြစ်ကြတဲ့ ဝေလငါး (Pilot Whale)တွေဟာ သူတို့ရဲ့ ခိုင်မာတဲ့ ဆက်ဆံရေးနှောင်ကြိုးတွေကြောင့် ကျော်ကြားပြီး ဝေလငါးတစ်ကောင်ဟာ အခက်အခဲတွေနဲ့ ကြုံတွေ့လာရတဲ့အခါ ကျန်ရှိတဲ့ ဝေလငါးတွေဟာလည်း အများအားဖြင့် လိုက်လာတတ်ကြတယ်လို့ ရေကြောင်းဆိုင်ရာ ကျွမ်းကျင်သူတွေက ဆိုပါတယ်။
ကျွန်းနိုင်ငံတွေဖြစ်တဲ့ သြစတြေးလျနဲ့ အိမ်နီးချင်းနယူးဇီလန်နိုင်ငံတွေရဲ့ ပတ်ဝန်းကျင်က နက်ရှိုင်းတဲ့ပင်လယ်ပြင်မှာ နေထိုင်ကြတဲ့ ဝေလငါးတွေများစွာ ရှိကြပြီး မနေ့ညကလို ဝေလငါးတွေ အစုလိုက်အပြုံလိုက် ကမ်းခြေတစ်ဝိုက်မှာ ပိတ်မိပြီး သောင်တင် သေဆုံးခဲ့ရတဲ့ အကြောင်းအရင်းကတော့ ပဟေဠိဖြစ်နေဆဲပါပဲ။
Ref; Reuters