၂၆. ၇. ၂၀၂၃
Translated by Htwe Ko Tun
ရုရှားနိုင်ငံသမ္မတ ဗလာဒီမာပူတင်က တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ လာမည့် အောက်တိုဘာလတွင် သွားရောက်လည်ပတ်ရန်စီစဉ်နေကြောင်း ရုရှားအစိုးရအဖွဲ့ ထိပ်တန်းပုဂ္ဂိုလ်တစ်ဦးက ဇူလိုင်လ ၂၅ ရက်တွင် ပြောကြားခဲ့ကြောင်း သိရသည်။
ရုရှားသတင်းဌာနများက သမ္မတပူတင်၏ နိုင်ငံခြားရေးရာ အကြံပေးပုဂ္ဂိုလ် ယူရီ ယူရှာကော့ဗ် ၏ ပြောကြားချက်များကို ကိုးကားဖော်ပြခဲ့ကြရာတွင် သမ္မတပူတင် ၏ခရီးစဉ်က တရုတ်နိုင်ငံတွင် ရပ်ဝန်းနှင့်ပိုးလမ်းမ ပူးပေါင်းဆောင်ရွက်ရေးစီမံချက်ဖိုရမ်(Belt and Road Initiative Forum) ကျင်းပနေချိန်နှင့်လည်း တိုက်ဆိုင်နေမည်ဟု ဆိုခဲ့ကြသည်။ တရုတ်အစိုးရ၏ အဆိုပါ ရပ်ဝန်းနှင့်ပိုးလမ်းမ ပူးပေါင်းဆောင်ရွက်ရေးစီမံချက်က အာရှတိုက်အား ဥရောပနှင့် အာဖရိကတို့နှင့် အခြေခံအဆောက်အအုံ စီမံကိန်းများနှင့် ဆက်စပ်မိသွားရန် ရည်ရွယ်သည်။
ထို့ပြင် ယူရှာကော့ဗ်က သမ္မတပူတင်အနေဖြင့် တူရကီသမ္မတအာဒိုဂန်ကို ပေးခဲ့သည့်ကတိအတိုင်း တူရကီနိုင်ငံသို့လည်း သွားရောက်လည်ပတ်ရန်ရှိကြောင်းပြောခဲ့သည်။ သို့သော်ရက်အတိအကျကိုမူ ဆုံးဖြတ်ခြင်း မပြုရသေးဟုဆိုသည်။
နိုင်ငံတကာတရားရုံး(အိုင်စီစီ)က ၎င်းအား ဖမ်းဆီးရန်ဝရမ်းထုတ်ထားခြင်းကြောင့် သမ္မတပူတင်အနေဖြင့် ဩဂုတ်လအတွင်းတွင် တောင်အာဖရိက၌ ပြုလုပ်မည် BRICS ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ဖွယ်မရှိကြောင်း သိရပြီးနောက်တွင် ဤကဲ့သို့ သမ္မတပူတင် တရုတ်နိုင်ငံသို့သွားမည်ဟု သတင်းထွက်ပေါ်လာခြင်းဖြစ်သည်။ တရုတ်နိုင်ငံကမူ အိုင်စီစီတွင် လက်မှတ်ရေးထိုးထားခြင်းမရှိ၍ ၎င်းအနေဖြင့် လွယ်ကူစွာသွားလာနိုင်မည်ဖြစ်သည်။
Ref–SCMP