MT News
Written By Thandar
Lucky Seven ရုပ်ရှင်ထုတ်လုပ်ရေးရဲ့ အကယ်ဒမီ နေတိုး၊အကယ်ဒမီ ရွှေမှုံရတီတို့ ပါဝင်သရုပ်ဆောင်ထားတဲ့ ” သဲသဲလှုပ်”ရုပ်ရှင်ဇာတ်ကား Premier Show ကို ဇူလိုင် ၂၅ ရက် ညနေပိုင်းက ရန်ကုန်မြို့ သမ္မတ ရုပ်ရှင်ရုံမှာ ကျင်းပခဲ့ပါတယ်။
အချစ်ဟာသ ဇာတ်ကား သဲသဲလှုပ်ကို ဇူလိုင် ၂၈ ရက်ကစပြီး မြန်မာနိုင်ငံတစ်ဝန်းက ရုပ်ရှင်ရုံတွေမှာ ပြသသွားမှာဖြစ်ပါတယ်။
” ဒီဇာတ်ကားက ၂၀၁၈ ခုနှစ်က ရိုက်ကူးခဲ့တဲ့ဇာတ်ကားပါ။ နေတိုးက ဒီဇာတ်ကားထဲမှာ အရမ်းအတွေးလွန်တဲ့ကောင်လေးပေါ့။ သူ့ရဲ့အတွေးလွန်တဲ့ အကျင့်ကြောင့်ပဲ သူက တခုခုလုပ်တိုင်း ကျွံထွက်နေတာလေးတွေကို အချစ်နဲ့ ဟာသဇာတ်ကားလေး အဖြစ်ပုံဖော်ထားတာပါ။ ရုပ်ရှင်ကိုမှီခိုနေရတဲ့ မိသားစုတွေများစွာက အဆင်မပြေဖြစ်နေခဲ့တာ ကြာပါပြီ။ ခုချိန်မှာ အခြားအခြားသော စိတ်အပန်းဖြေရာနေရာတွေမှာလိုပဲ ကျွန်တော်တို့ ရုပ်ရှင်ကို အချိန်လေးခဏပေးပြီး လာအားပေးစေချင်ပါတယ်။ ဒီဇာတ်ကားလေးကလည်း ပရိသတ်တွေကြည့်ရတဲ့ တခဏမှာတော့ ပျော်ရွှင်ရစေမှာပါ” လို့ ဒါရိုက်တာ ကျော်ဇောလင်း(အတွေးပုံရိပ်)က ပြောပါတယ်။
ဒီဇာတ်ကားက မဟာဆွေရဲ့ ဝတ္ထုကို ဇာတ်ညွှန်း ကိုကျော်က ပြန်လည်ရေးဖွဲ့ပြီး ဒါရိုက်တာ ကျော်ဇောလင်း(အတွေးပုံရိပ်)က ရိုက်ကူးထားတာဖြစ်ပါတယ်။
” သဲသဲလှုပ်” ဇာတ်ကားမှာ သရုပ်ဆောင်တွေအနေနဲ့ အကယ်ဒမီ နေတိုး၊ ကျော်ထက်ဇော်၊ အကယ်ဒမီ ရွှေမှုံရတီ၊ အကယ်ဒမီ စိုးမြတ်သူဇာ၊ ယွန်းရွှေရည်၊ မိုးဒီ၊ ငှက်ပျောကြော်၊ အကယ်ဒမီ အောင်ခိုင်၊ ဟိန်းမင်း၊ ဇော်ဇော်အောင်၊အကယ်ဒမီ ဝါဝါအောင်၊ အေးအေးခိုင်၊ မျိုးမျိုးခိုင်၊ ရဲလေးမ နဲ့ အနုပညာရှင်များစွာ ပါဝင်ထားတာ ဖြစ်ပါတယ်။
” ဒီဇာတ်ကားလေးက ရိုက်ကူးထားတာကြာပါပြီ။ ဒီကားထဲမှာ ယွန်းက မကြီးစိုးရဲ့ သမီးကြီး ရွှေမှုံ့ရဲ့ အမနေရာကနေ ပါဝင်ထားတာပါ။ ဒီကားနဲ့ပတ်သတ်တဲ့အမှတ်တရကတော့ ရိုက်ကွင်းမှာတည်းက အရမ်းရယ်ရတဲ့ ကားမို့ သူများတွေရိုက်တဲ့ ဇာတ်ဝင်ခန်းတွေပါ အကုန်လိုက်ကြည့်ပြီး ရယ်ခဲ့ရတာပါ။ ခုရုံတင်ခွင့်ရတဲ့အတွက်လည်း ဝမ်းသာရပါတယ်။ ပရိသတ်တွေလည်း ကြည့်ရတဲ့ တခဏမှာတော့ ရယ်မောပျော်ရွှင်ရစေမယ့် ကားလေးဖြစ်မှာပါ” လို့ ယွန်းရွှေရည်က ပြောပါတယ်။