
၂၆. ၇. ၂၀၂၃
Written By Thandar
MRTV-4 ရုပ်သံလိုင်းကတစ်ဆင့် ပရိသတ်အားပေးမှု အခိုင်အမာရရှိခဲ့တဲ့ သရုပ်ဆောင်မြတ်သူသူကတော့ ဆရာလေးဒေါ်မေတ္တာနန္ဒီ အဖြစ် ကူးပြောင်းပြီး သာသနာ့ဘောင်သို့ ဝင်နေပါတယ်။
“ကျွန်တော့်အနေနဲ့ မနေ့က ဇနီးဖြစ်သူဖြစ်ချင်တဲ့ ဆန္ဒလေးတစ်ခု ပါရမီ ဖြည့်ဆည်းခွင့်ရလို့လည်း ကျေနပ်မိပါတယ်။ အခု ဆရာလေးက အေးအေးဆေးဆေးပဲ တရားအားထုတ်ချင်တာမို့လေ။ ဆရာလေးက ရက်ကိုတော့ လောလောဆယ် မပြောထားသေးဘူး။ အေးအေးဆေးဆေး စိတ်ပျော်သလောက် ဝတ်ချင်တဲ့သဘောပါ”လို့ ခင်ပွန်းဖြစ်သူ ကိုစိုင်းထက်မြတ်က MT News ကို ပြောပါတယ်။
သူမက မိခင်ဖြစ်သူရဲ့ ကျေးဇူးကို ဆပ်တဲ့အနေနဲ့ အခုလို သီလရှင်ကို ဝတ်ခဲ့တာလည်းဖြစ်ပါတယ်။ မိခင်ဖြစ်သူကလည်း ဆရာလေးနဲ့အတူ ယောဂီဝတ်ပြီးတရားအားထုတ်ကာ ဇူလိုင် ၃၁ ရက်မှာလူဝတ်ပြန်ထွက်မယ်လို့ သိရပါတယ်။
လှိုင်သာယာမြို့နယ်မှာရှိတဲ့ ကျောင်းတိုက်မှ သီလရှင် အပါး ၁၅၀ ကျော်ကိုလည်း နေ့ဆွမ်း ဆက်ကပ်လှူဒါန်းမှာဖြစ်သလို ဩဂုတ်လ ၁ ရက်နေ့မှာ မှော်ဘီမြိုနယ်ရှိ ပဌာန်းကုန်း ကျောင်းတိုက်မှာ ဘုရားထီးတင်သွားမယ်လို့လည်း သိရပါတယ်။
“သူ့ရဲ့ ပါရမီကို ဖြည့်ပေးနေရရင်ပဲ ကျေနပ်နေတာပါ။ ဆရာလေးအတွက် ပါရမီဖြည့်ဘက် ကောင်းလေးပဲဖြစ်ချင်ပါတယ်။ ခုလို သာသနာပြုနေကို ဝမ်းသာကြည်ညို ပီတိဖြစ်မိပါတယ်”လို့ သူက ဆက်ပြောပါတယ်။








