MT News
Written by Nay Aung
မြန်မာနိုင်ငံ၏အခြေအနေများကြောင့် အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်ဘက်ခြမ်းကို ဝင်ရောက်လာခဲ့သော မြန်မာနိုင်ငံသား ၇၁၈ ဦးကို ပြန်ပို့သွားမည်ဖြစ်ကြောင်း မဏိပူရပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး ဗီနစ်ဂျိုရှီက ထုတ်ဖော်ပြောဆိုလိုက်သည်။
ဗီနစ်ဂျိုရှီသည် အာသံရိုင်ဖယ်တပ်ရင်း၏ အစီအရင်ခံစာကို လေ့လာသုံးသပ်ပြီးနောက် ကလေးငယ် ၃၀၁ ဦး၊ အမျိုးသမီး ၂၀၈ ဦး၊ အမျိုးသား ၂၀၉ ဦးကို မိခင်နိုင်ငံသို့ ပြန်ပို့ရန် ညွှန်ကြားထားကြောင်း သိရသည်။
မြန်မာနိုင်ငံသားများသည် တရားဝင်ခရီးသွားခွင့်အထောက်အထားများမပါဘဲ မဏိပူရပြည်နယ် Chandel မြို့ကို ဝင်ရောက်လာခဲ့ကြောင်း အာသံရိုင်ဖယ်တပ်ရင်းက ဆိုသည်။
မဏိပူရပြည်နယ် အစိုးရအဖွဲ့အတွင်းရေးမှူး ဗီနစ်ဂျိုရှီက “ပြည်နယ်အစိုးရဟာ မဏိပူရပြည်နယ်အတွင်းကို ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၇၁၈ ဦးကို မိခင်နိုင်ငံကို ချက်ချင်းပြန်ပို့သွားဖို့ အာသံရိုင်ဖယ်တပ်ရင်းကို ညွှန်ကြားခဲ့တယ်။ အဲဒီမြန်မာနိုင်ငံသားတွေဟာ ဇူလိုင် ၂၂ ရက် နဲ့ ၂၃ ရက်နေ့တို့မှာ မဏိပူရပြည်နယ်ဘက်ခြမ်းကို ဝင်ရောက်လာခဲ့ပြီး ပြည်နယ်အတွင်း မတူညီတဲ့ မြို့ ၇ ခုမှာ နေထိုင်နေခဲ့တယ်။ အဲဒီ မြန်မာနိုင်ငံသားအားလုံးဟာ အိန္ဒိယနဲ့မြန်မာနယ်စပ်ဒေသမှာနေထိုင်နေတဲ့သူတွေဖြစ်တယ်”ဟု ပြောသည်။
အိန္ဒိယနယ်ခြားစောင့်တပ်ဖွဲ့နှင့် အာသံရိုင်ဖယ်တပ်ရင်းတို့အနေဖြင့်လည်း မဏိပူရပြည်နယ်အတွင်းကို မြန်မာနိုင်ငံသားများ တရားဝင်ဗီဇာမရှိဘဲဝင်ရောက်နေခြင်းကို ရပ်တန့်ရန် စည်းကမ်းများကို လိုက်နာဆောင်ရွက်စေလိုကြောင်း ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးက တိုက်တွန်းထားသည်။
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်က အာဏာအငြင်းပွားမှုများဖြစ်ပွားခဲ့ပြီးနောက် မီဇိုရမ်ပြည်နယ်တွင် မြန်မာနိုင်ငံသား ၃၅၀၀၀ ခန့် ဝင်ရောက်နေထိုင်လျက်ရှိနေသလို မဏိပူရပြည်နယ်ရှိ ဒုက္ခသည်စခန်းများတွင်လည်း မြန်မာနိုင်ငံသား ၅၀၀၀ ခန့် နေထိုင်လျက်ရှိနေကြောင်း သိရသည်။
Ref- zoomnews