October 18, 2024

၂၆. ၇. ၂၀၂၃
Written by Nay Aung

အိန္ဒိယနိုင်ငံ အကြမ်းဖက်တိုက်ဖျက်ရေးအဖွဲ့ဝင်များ (Anti-Terrorist Squad) သည် ဥတ္တရာပရာဒက်ချ်ပြည်နယ် ကော့ဝါလီမြို့တွင် တရားမဝင်နေထိုင်လျက်ရှိနေသော မြန်မာရွှေ့ပြောင်းသွားလာသူ ၁၇ ဦးကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။

အကြမ်းဖက်တိုက်ဖျက်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးဖြစ်သော ကူမားပန်ဒေးဗ့်က “အကြမ်းဖက်တိုက်ဖျက်ရေးအဖွဲ့ ATS အဖွဲ့ဝင်များနဲ့ ရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး ဇူလိုင် ၂၄ ရက်နေ့ ကော့ဝါလီမြို့မှာ တရားမဝင်နေထိုင်နေတဲ့ မြန်မာနိုင်ငံသားအမျိုးသမီး ၁၀ ဦးနဲ့ အမျိုးသား ၇ ဦးကို ဖမ်းဆီးခဲ့တယ်။ လက်ရှိအချိန်မှာ အဲဒီဖမ်းဆီးထားသူတွေကို လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေ ချိုးဖောက်မှုတွေနဲ့ တရားစွဲဖို့ စီစဉ်နေတယ်” ဟုပြောသည်။

အိန္ဒိယအစိုးရတာဝန်ရှိသူများသည် ဖမ်းဆီးထားသော မြန်မာနိုင်ငံသား ၁၇ ဦးကို မယ်လ်ကန်ဆင်းဆေးရုံတွင် ကျန်းမာရေးစစ်ဆေးမှုများ လုပ်ဆောင်ပေးခဲ့ကြောင်း သိရသည်။ ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသားများက ၎င်းတို့သည် ပြီးခဲ့သောနှစ်အနည်းငယ်တည်းက အိန္ဒိယနိုင်ငံဘက်ခြမ်းကို ရောက်ရှိနေထိုင်နေခြင်းဖြစ်ပြီး အသားငါးစက်ရုံများအပြင် ကြုံရာကျပန်းလုပ်ကိုင်နေထိုင်နေသူများဖြစ်ကြောင်း ပြောဆိုထားသည်။ အိန္ဒိယအာဏာပိုင်များသည် ဖမ်းဆီးထားသော မြန်မာနိုင်ငံသားများကို စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်လျက်ရှိသည်။

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်က အာဏာထိန်းသိမ်းမှုဖြစ်ပွားခဲ့ပြီးနောက် လက်နက်ကိုင်ပဋိပက္ခများဖြစ်ပွားလာခဲ့ရာ နယ်စပ်ဒေသရှိ မြန်မာနိုင်ငံသားများသည် အိန္ဒိယနိုင်ငံဘက်ခြမ်းသို့ တရားမဝင်သွားရောက်နေထိုင်မှုများရှိနေကြောင်း သိရသည်။ မီဇိုရမ်ပြည်နယ်တွင် မြန်မာနိုင်ငံသား ၃၅၀၀၀ ခန့် ဝင်ရောက်နေထိုင်လျက်ရှိနေသလို မဏိပူရပြည်နယ်ရှိ ဒုက္ခသည်စခန်းများတွင်လည်း မြန်မာနိုင်ငံသား ၅၀၀၀ ခန့်နေထိုင်လျက်ရှိနေကြောင်း အိန္ဒိယအစိုးရတာဝန်ရှိသူများက ပြောသည်။

Ref- aninews

Leave a Reply

Your email address will not be published. Required fields are marked *