October 18, 2024

တရုတ်အစိုးရက ယင်းကိစ္စအပေါ် များစွာအလေးထားပြီး တရုတ်ပြည်သူများကလည်း အလွန်မုန်းတီးဟု ဆို

၂၅. ၇. ၂၀၂၃
Written by Nyein Kyaw

မြန်မာနိုင်ငံနယ်စပ်ရှိ ဆက်သွယ်ရေးလိမ်လည်မှု ရာဇဝတ်မှုများကို တရုတ်-မြန်မာ-ထိုင်း ပူးပေါင်းနှိမ်နင်းမှုကြောင့် ကနဦးရလဒ်ကောင်းများ ရရှိခဲ့သော်လည်း မြန်မာနိုင်ငံမြောက်ပိုင်းနှင့် နယ်စပ်များတွင် ယင်းဖြစ်ရပ်များ ဆက်လက်များပြားနေဆဲဖြစ်၍ ခိုအောင်းနေသည့်နေရာများအထိ တရုတ်-မြန်မာပူးပေါင်းကာ အမြစ်ဖြတ်ချေမှုန်းသွားမည်ဖြစ်ကြောင်း တရုတ်သံရုံးမှ ယနေ့တွင် ထုတ်ပြန်ထားသည်။

ဇူလိုင်လ ၂၅ ရက်တွင် တရုတ်သံအမတ်ကြီး Mr. Chen Hai သည် ဆက်သွယ်ရေးလိမ်လည်မှု စသည့်ရာဇဝတ်မှုများအား တိုက်ဖျက်နှိမ်နင်းရေးနှင့်စပ်လျဉ်း၍ မြန်မာ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနှင့် ညှိနှိုင်းဆွေးနွေးခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံ နယ်စပ်ဒေသတွင် ဆက်သွယ်ရေးလိမ်လည်မှု ရာဇဝတ်မှုများ ပျံ့နှံ့နေမှုအတွက် တရုတ်-မြန်မာ နှစ်နိုင်ငံ၊ တရုတ်-မြန်မာ-ထိုင်း သုံးနိုင်ငံ ပူးပေါင်းတိုက်ဖျက်နှိမ်နင်းမှုများ ဆောင်ရွက်ခဲ့ရာ ကနဦးအနေဖြင့် ရလဒ်ကောင်းများ ရရှိခဲ့ကြောင်း၊ ထိုသို့ဆောင်ရွက်လျက်ရှိသော်လည်း မြန်မာနိုင်ငံမြောက်ပိုင်း အပါအဝင် မြန်မာနိုင်ငံ နယ်စပ်ဒေသများတွင် ဆက်သွယ်ရေးလိမ်လည်မှုများ ဆက်လက်များပြားနေဆဲဖြစ်ပြီး တရုတ်-မြန်မာနှစ်နိုင်ငံပြည်သူများ၏ ကိုယ်ပိုင်အကျိုးစီးပွားများကို ဆိုးရွားစွာ ထိခိုက်နေကြောင်း၊ တရုတ်နိုင်ငံအစိုးရသည် ယင်းအပေါ် များစွာအလေးထားပြီး တရုတ်ပြည်သူများကလည်း အလွန်မုန်းတီးကြောင်း၊ နှစ်ဦးနှစ်ဖက်သည် အားကောင်းသောအစီအမံများကို ဆက်လက်ဆောင်ရွက်၍ အခြားသက်ဆိုင်ရာအိမ်နီးချင်းနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ကာ နောက်တစ်ဆင့် ပူးပေါင်းတိုက်ဖျက်နှိမ်နင်းမှုများ လုပ်ဆောင်သင့်ကြောင်း သံအမတ်ကြီး Mr. Chen Hai က ပြောကြားသည်။

ဆက်သွယ်ရေးလိမ်လည်မှုများ ခိုအောင်းနေသည့်နေရာများကို အစွမ်းကုန်နှိမ်နင်း၍ ပိတ်မိနေသော တရုတ်နိုင်ငံသားများကို ကယ်တင်ကာ မြန်မာနိုင်ငံပြည်တွင်းရှိ ဆက်သွယ်ရေးလိမ်လည်မှု၊ အွန်လိုင်းလောင်းကစားမှု အကြွင်းအကျန်များကို အမြစ်ဖြတ်ပစ်ရမည်ဖြစ်ကြောင်း၊ ရာဇဝတ်မှုကျူးလွန်သောအင်အားစုများနှင့် ၎င်းတို့၏အဖွဲ့ဝင်များကို ဥပဒေနှင့်အညီ အရေးယူပြီး တရုတ်-မြန်မာ ချစ်ကြည်ရင်နှီးစွာ ပူးပေါင်းဆောင်ရွက်မှု အလုံးစုံအခြေအနေကို ထိန်းသိမ်းကြမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

ဆက်သွယ်ရေးလိမ်လည်မှုများသည် မြန်မာနိုင်ငံ၏ ပုံရိပ်ကို ထိခိုက်စေပြီး ပြည်တွင်းပြည်ပမှ ပြည်သူများကို စိုးရိမ်ပူပန်မှုများ ဖြစ်စေကြောင်း၊ မြန်မာနိုင်ငံသည် ဆက်သွယ်ရေးလိမ်လည်မှုများနှင့် လောင်းကစားမှုများကို တိုက်ဖျက်နှိမ်နင်းရေးတွင် ရပ်တည်ချက်ပြတ်သားကြောင်း၊ မြန်မာနိုင်ငံသည် တရုတ်နိုင်ငံ အပါအဝင် သက်ဆိုင်ရာအိမ်နီးချင်းနိုင်ငံများနှင့်အတူ နောက်ဆက်တွဲ တိုက်ဖျက်နှိမ်နင်းရေးလှုပ်ရှားမှုများ ညှိနှိုင်းဆောင်ရွက်၍ ပုံမှန်ပူးပေါင်းဆောင်ရွက်ရေးယန္တရား ထူထောင်ရန် ဆွေးနွေးပြီး မြန်မာနိုင်ငံပြည်တွင်း၌ ဆက်သွယ်ရေးလိမ်လည်မှုများ၊ လောင်းကစားမှုများနှင့် ဆက်စပ်နေသော မသမာသူများကို ကြောက်ရွံ့တုန်လှုပ်စေကာ နှစ်နိုင်ငံပြည်သူများ၏ လုံခြုံရေးနှင့် အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေက ပြောကြားသည်။

တရုတ်နိုင်ငံ၏ စိုးရိမ်မှုများကို မြန်မာနိုင်ငံမှ များစွာအလေးထားကြောင်း၊ လတ်တလောကာလတွင် တရုတ်-မြန်မာနှစ်ဦးနှစ်ဖက်သည် ယင်းအကြောင်းအရာနှင့်စပ်လျဉ်း၍ အကြိမ်များစွာ ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း၊ မြန်မာနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ် နှင့် သံအမတ်ကြီး Mr. Chen Hai တို့အတူ ဆက်သွယ်ရေးလိမ်လည်မှုများ၊ အွန်လိုင်းလောင်းကစားမှုများနှင့်စပ်လျဉ်း၍ နက်ရှိုင်းစွာ ဆွေးနွေးခဲ့ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *