October 18, 2024

၂၅. ၇. ၂၀၂၃
Written by Nay Aung

၂၀၂၂ ခုနှစ်မှ ၂၀၂၃ ခုနှစ် ဇွန်လကုန်အထိ နိုင်ငံပေါင်းအနည်းဆုံး ၁၉ နိုင်ငံမှ လူပေါင်း ၂၃၀ ဦးသည် ထိုင်းနှင့် မြန်မာနယ်စပ်ဒေသရှိ လူကုန်ကူးဂိုဏ်းများ၏ ပြစ်မှုမကင်းသော ရာဇဝတ်မှုများကို အတင်းအကြပ် ခိုင်းစေခြင်းခံခဲ့ရကြောင်း ထိုင်းနိုင်ငံရှိ နိုင်ငံတကာရွှေ့ပြောင်းသွားလာသူများ အဖွဲ့ (IOM) က ပြောသည်။

အဆိုပါ လူပေါင်း ၂၃၀ ၏ ၈၆ ရာခိုင်နှုန်းသည် လူကုန်ကူးဂိုဏ်းများ၏ သားကောင်များဖြစ်ဖွယ်ရှိနေပြီး လူကုန်ကူးခံရသူများနှင့်ပတ်သက်၍ သတင်းအချက်အလက်ရရှိမှု ကန့်သတ်မှုများရှိနေခြင်းကြောင့်မြန်မာနိုင်ငံနယ်စပ်ဒေသကိုအခြေပြုလှုပ်ရှားနေသော ရာဇဝတ်ဂိုဏ်းများ၏ လူကုန်ကူးခံရသော အရေအတွက်သည် အဆိုပါအရေအတွက်ထက် ထပ်မံမြင့်တက်ဖွယ်ရှိနေကြောင်း IOM အဖွဲ့က ပြောသည်။

မြန်မာနယ်စပ်ဒေသရှိ လူကုန်ကူးဂိုဏ်းများ၊ ရာဇဝတ်ဂိုဏ်းများသည် ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် စီးပွားရေးသက် ရောက်မှုများအပေါ် အမြတ်ထုတ်ပြီး လူများကို မြင့်မားသောလစာနှုန်းဖြင့် အလုပ်အကိုင်အခွင့်အလမ်းကောင်းများရရှိမည်ဟု မက်လုံးပေးခေါ်ယူကာ ရာဇဝတ်မှုနှင့်ဆက်နွှယ်သော လုပ်ငန်းများကို ခိုင်းစေနေခြင်းဖြစ်ကြာင်း သိရသည်။

မြန်မာနိုင်ငံ ကရင်ပြည်နယ်တွင် တရုတ်စီးပွားရေးလုပ်ငန်းများလုပ်ကိုင်လျက်ရှိနေသည့် ရွှေကုက္ကိုလ်မြို့သစ်စီမံကိန်းတွင် ရာဇဝတ်ဂိုဏ်းများ၊ လူကုန်ကူးဂိုဏ်းများအဓိကလှုပ်ရှားနေပြီး လူကုန်ကူးခံရသူများကိုအဆိုပါနေရာမှ မကြာခဏ ပြန်ကယ်ထုတ်မှုများလုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ထို့အပြင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် အာဏာအငြင်းပွားမှုများဖြစ်ပွားခဲ့ပြီးနောက် ဖြစ်လာခဲ့သော မြန်မာနိုင်ငံ၏ အခြေအနေများက ထိုင်းနှင့်မြန်မာနယ်စပ်ဒေသအပါအဝင် ဥပဒေစိုးမိုးမှုနည်းပါးသောနယ်မြေများတွင် လူကုန်ကူးဂိုဏ်းများနှင့်ရာဇဝတ်ဂိုဏ်းများကို ၎င်းတို့၏လုပ်ငန်းများ တိုးချဲ့လုပ်ကိုင်စေရန်ခွင့်ပြုပေးသလိုဖြစ်နေကြောင်း IOM အဖွဲ့ကဆိုသည်။

မြန်မာနိုင်ငံရှိ လူကုန်ကူးဂိုဏ်းများလက်ထဲမှ ပြန်လည်လွှတ်မြောက်လာခဲ့သော အာမက်ဒ် ဆိုသူက “ကျွန်တော်ဟာ အလုပ်လုပ်ဖို့ အွန်လိုင်းကတစ်ဆင့် မက်လုံးပေးကမ်းခံခဲ့ရတယ်။ အဲဒီကမ်းလှမ်းမှုကိုလက်ခံပြီးနောက် အင်ဒိုနီးရှားနိုင်ငံကနေ မလေးရှားနိုင်ငံကို သွားခဲ့တယ်။ မလေးရှားနယ်စပ်ကို ဖြတ်ပြီး ထိုင်းနိုင်ငံကို ဆက်သွားခဲ့တယ်။ ထိုင်းနိုင်ငံမြောက်ပိုင်းကနေ မြစ်ကူးခဲ့ရတယ်။ မြစ်ကူးချိန်မှာ လက်နက်ကိုင်အဖွဲ့အစည်းတွေက ကျွန်တော့်ဘေးနားမှာ ဝန်းရံထားတယ်။ မြစ်ကူးပြီးချိန်မှာတော့ ထိုင်းနိုင်ငံနဲ့မတူညီတဲ့ အလံကိုတွေ့မြင်ခဲ့တယ်။အဲဒီအလံဟာ မြန်မာနိုင်ငံအလံဆိုတာသိခဲ့ရတယ်” ဟုပြောသည်။

ထို့အပြင် ၎င်းက မြန်မာနိုင်ငံရှိ လူကုန်ကူးဂိုဏ်းများအတွက် အလုပ်လုပ်ပေးရပြီး တစ်ရက်ကို ၁၉ နာရီခန့်အလုပ်ပေးခဲ့ကြောင်း၊ သတ်မှတ်ထားသော Target ကို မရပါက အပြစ်ပေးခံရကြောင်းပြောသည်။

အာမက်ဒ်က ” ကျွန်တော်တို့ဟာ တစ်ရက်ကို အွန်လိုင်းကတစ်ဆင့်လိမ်လည်မှုလုပ်ငန်းတွေ လုပ်ပေးရတယ်။သတ်မှတ်ထားတဲ့အတိုင်း မလုပ်နိုင်ရင် လျှပ်စစ်နဲ့ရှော့တိုက်ခံရတယ်။ ဒိုက်ထိုးရတာ ဒါမှမဟုတ် အပူပေါ်မှာပြေးရတာတွေလုပ်ရတယ်” ဟုပြောသည်။

အလုပ်စတင်ခေါ်ယူချိန်က တစ်လကို လုပ်ခအဖြစ် အမေရိကန်ဒေါ်လာ ၈၅၀ နှုန်းပေးမည်ဟု ကတိပေးခဲ့သော်လည်း လက်တွေ့တွင် တစ်လလုပ်ခအဖြစ် အမေရိကန်ဒေါ်လာ ၅၀ သာ ရရှိခဲ့ကြောင်း အာမက်ဒ်ကပြောသည်။

Ref- (IOM)

Leave a Reply

Your email address will not be published. Required fields are marked *