MT News
Translated by Htwe Ko Tun
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အရှေ့မြောက်ပိုင်း၊ ဟေလုံဂျန်ပြည်နယ်အတွင်း၊ ကွီကီဟာမြို့ရှိ အလယ်တန်း ကျောင်းတစ်ခု၌ ကျောင်းအားကစားရုံတွင် ဇူလိုင်လ ၂၃ ရက်မွန်းလွဲပိုင်းက ကွန်ကရစ်အမိုး ပြိုကျမှုဖြစ်ပွားခဲ့ရာ အနည်းဆုံးလူ ၁၁ ဦး သေဆုံးခဲ့ရပြီး ၎င်းတို့အနက် အများစုမှာ အမျိုးသမီးဘော်လီဘောအသင်း၏ ဘော်လီဘောအားကစားမယ်များဖြစ်ကြကြောင်း သိရသည်။
အာဏာပိုင်များက အမိုးပေါ်တွင် ဥပဒေနှင့်မညီ ပစ္စည်းများစုပုံတင်ထားမှုက ဤကဲ့သို့ပြိုကျမှုကို ဖြစ်ပွားစေရခြင်းဟု ပြောခဲ့ကြသည်။
အဆိုပါအလယ်တန်းကျောင်း အားကစားရုံအမိုးပြိုကျမှုက ဇူလိုင် ၂၃ ရက် မွန်းလွဲပိုင်းတွင်ဖြစ်ပွားခဲ့ခြင်း ဖြစ်သော်လည်း အပျက်အစီးပုံများအောက်ရောက်ရှိနေခဲ့သော အသက်ရှင်ကျန်ရစ်သူနောက်ဆုံးတစ်ယောက်ကို ဇူလိုင် ၂၄ ရက် နံနက်တိုင်အောင် ပြန်လည်ဆွဲထုတ်နေရဆဲဖြစ်ကြောင်း သိရသည်။ အမိုးပြိုကျစဉ်က အားကစားရုံအတွင်း လူ ၁၉ ဦးရှိနေခဲ့ကြပြီး ၎င်းတို့အနက် လေးဦးသာ ထိခိုက်ဒဏ်ရာရမှုမရှိအောင် ရှောင်တိမ်းနိုင်ခဲ့သည်။
သေဆုံးခဲ့ရသူများတွင် မိန်းကလေးဘော်လီဘောမယ်များအပြင် အခြားအုပ်ချုပ်သူလူကြီးပိုင်းလည်းပါဝင်ခြင်းရှိမရှိ လတ်တလောတွင် ရှင်းရှင်းလင်းလင်းမသိရသေးသော်လည်း ရေဒီယိုသတင်းများကမူ အဆိုပါဘော်လီဘောအသင်း၏ နည်းပြဆရာဖြစ်သူလည်း အပျက်အစီးများအောက်တွင် ရောက်ရှိသေဆုံးနေကြောင်း ထုတ်လွှင့်သွားခဲ့သည်။
တရုတ်နိုင်ငံ၊ အရှေ့မြောက်ပိုင်းတွင် ပြီးခဲ့သည့်ရက်သတ္တပတ်အကုန်ရက်များက မိုးသည်းထန်စွာရွာသွန်းခဲ့ရာ အချို့နေရာများတွင် ရေလွှမ်းမိုးမှုများဖြစ်ခဲ့ရသည်။ ရှေးဦးစုံစမ်းချက်များအရလည်း အားကစားရုံနှင့်ဘေးချင်းကပ်ရက် စာသင်အဆောက်အအုံတည် ဆောက်နေစဉ်အတွင်း ဆောက်လုပ်ရေး အလုပ်သမားများက အားကစားရုံပေါ်တွင် Pelite ဟုခေါ်သော ပစ္စည်းများကို တရားမဝင်စုပုံထားကြောင်းလည်း သိရသည်။ ၎င်းတို့က ရေကို ကောင်းစွာစုတ်ယူနိုင်သည်ဟု ဆိုသည်။ဆောက်လုပ်ရေးကုမ္ပဏီနှင့် တာဝန်ရှိသူများကိုလည်း ရဲတပ်ဖွဲ့ကစုံစမ်းမှုများ ဆက်လက်ပြုလုပ်နေသည်ဟု သိရသည်။
Ref—-The Guardian
