၂၅. ၇. ၂၀၂၃
Written by Min Mahar
ပခုက္ကူမြို့နယ်၊ ကွန်းကျေးရွာအနီးလယ်ကွင်းပြင်တွင် လယ်ရေတင်နေသော လင်မယားနှစ်ဦးထဲမှ ယောကျာ်းဖြစ်သူအား PDF ငါးဦးကသေနတ်များဖြင့် “မလှုပ်နဲ့ဒလန်”ဟုပြောကာ ခေါ်သွားပြီး ရက်ရက်စက်စက် သ-တ်ပစ်လိုက်သည့်အပြင် ဖုန်းနှင့်ဆိုင်ကယ်ပါယူသွားမှု ယနေ့မနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ဖြစ်စဉ်မှာ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ မကျီးပင်ပုအုပ်စု၊ ဒေါင်းစားကျေးရွာတွင် နေထိုင်သည့် အသက် ၅၀ နှစ်ခန့်ရှိသောအမျိုးသားနှင့် အသက် ၄၈ နှစ်ခန့်ရှိသော အမျိုးသမီးတို့ လင်မယားနှစ်ဦးသည် ယနေ့(ဇူလိုင်လ ၂၅ ရက်နေ့) နံနက် ၇ နာရီလောက်က ကျေးရွာထဲမှ ကွန်းရွာနှင့်ပေါင်လောင်ကန် သွားကားလမ်းဘေး”ရွှေတန့်တစ်”ဆည်မြောင်းအနီး ၎င်းပိုင်ဆိုင်သော လယ်ကွင်းသို့ LOUJIA-110 အမျိုးအစား ၁၀ယ/၆၉၂၆၅ အနက်ရောင်ဆိုင်ကယ်ဖြင့် လယ်ရေတင်ရန်သွားရောက်ခဲ့ပြီး လယ်ရေတင် နေစဉ်အတွင်း ၈ နာရီ ၂၀ မိနစ်ခန့်တွင် PDF အဖွဲ့မှ အမည်မသိ အမျိုးသား ၅ ဦးတို့သည် ဆိုင်ကယ် ၃ စီးဖြင့် သေနတ်အတို ၂ လက်၊ အရှည် ၁ လက်၊ ဓားအတိုများကိုင်ဆောင်၍ လယ်ကွင်းထဲသို့ ရောက်ရှိလာပြီး ခင်ပွန်းဖြစ်သူအား”မလှုပ်နဲ့ဒလန်”ဟုပြောကာ ဆိုင်ကယ်ပေါ်သို့ တင်ဆောင်၍ ၎င်းတို့စီးနင်းလာသောဆိုင်ကယ်နှင့် ခင်ပွန်းဖြစ်သူကိုင်ဆောင်ထားသည့် HUAWEI အမျိုးအစား အနက်ရောင်ဖုန်း ၁ လုံးတို့ကိုပါယူပြီး ခေါ်ဆောင်ကာ ၎င်းနေရာ၏ အနောက်ဘက်ရှိ ပေါင်လောင်ကန်သွားကားလမ်းအရောက်တွင် ရက်ရက်စက်စက်ဓားဖြင့် သ-တ်ဖြတ်ခဲ့ပြီး အခင်းဖြစ်ရာ နေရာ၏ အနောက်မြောက်ဘက် တစ်မိုင်ခန့်အကွာရှိ ပေါင်လောင်ကန်ကျေးရွာဘက်သို့ ထွက်ခွာသွားသည်ကို မြင်တွေ့ရကြောင်း ဇနီးဖြစ်သူ၏ ပြောပြချက်အရ သိရသည်။
အဆိုပါ ရက်စက်စွာသ-တ်ဖြတ်ခဲ့မှုကြောင့် ခင်ပွန်းဖြစ်သူသည် ဝဲဝမ်းဗိုက်ဘေးထိုးသွင်းဒဏ်ရာ ၁ ချက်၊ ဝဲနားထင်ပြတ်ရှဒဏ် ရာ ၁ ချက်၊ ဦးခေါင်းနောက်စေ့ ၃ လက်မခန့် ပြတ်ရှဒဏ်ရာ ၁ ချက်၊ ဦးခေါင်းနောက်စေ့ ၂ လက်မခန့် ပြတ်ရှဒဏ်ရာ ၁ ချက်၊ ဦးခေါင်းနောက်စေ့ ၃ လက်မခန့် ပြတ်ရှဒဏ်ရာ ၁ ချက်၊ ဦး ခေါင်းနောက် ၄ လက်မခန့် ပြတ်ရှဒဏ်ရာ ၁ ချက်နှင့်ယာနံဘေး ထိုးသွင်းဒဏ်ရာ ၂ ချက်တို့ အသီးသီးရရှိပြီးသေဆုံးနေသဖြင့် သုခကာရီလူမူကူညီရေးအသင်းဖြင့် ၉ နာရီခွဲတွင် ပခုက္ကူ ပြည်သူ့ဆေးရုံကြီးရှိ ရင်ခွဲရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။
ယင်း PDF အဖွဲ့များသည် လူကိုသ-တ်ဖြတ်ခဲ့သည့်အပြင် ၎င်းတို့လင်မယားစီးလာသော ဆိုင်ကယ်(ကာလတန်ဖိုးကျပ် ၄၀၀,၀၀၀) ကျပ်ခန့်၊ HUAWEI အမျိုးအစား အနက်ရောင်ဖုန်း ၁ လုံး (ကာလတန်ဖိုး ၁၅၀,၀၀၀)ကျပ်ခန့်တို့ကိုပါ လုယက်ယူဆောင်သွားခဲ့ကြောင်း သိရသည်။
ထိုကဲ့သို့ အသက်သေဆုံးအောင်ပြုလုပ်၍ ပစ္စည်းများအား ယူဆောင်သွားကြသည့် PDF အဖွဲ့ဝင် အမည်မသိအမျိုးသား ၅ ဦးအား ဥပဒေအရ အရေးယူဆောင်ရွက်ရန် ပခုက္ကူမြို့မရဲစခန်း၏ (ပ)၁၈၂/၂၀၂၃၊ ၂၀၁၄ခုနှစ်၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ၅၀(က)/၅၄ဖြင့် အမှုရေးဖွင့်ဆောင်ရွက်ထားရှိပြီးတရားခံများအား အမြန်ဆုံးဖမ်းဆီးရမိရေးအတွက် လိုက်လံစမ်းစစ်ဆေးမှုများပြုလုပ်နေကြောင်း ရဲတပ်ဖွဲ့ဝင်နှင့်နီးစပ်သူတစ်ဦးထံမှ သိရသည်။