၂၅. ၇. ၂၀၂၃
Written by Ye Kyaw
ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အမျိုးအစား လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုလုပ်ငန်းများ အပါအဝင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအသစ် ၁၀ ခုခွင့်ပြုခဲ့ကြောင်း ¬ဇူလိုင်လ ၂၄ ရက်တွင် ပြုလုပ်သည့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC)၏ (၂/၂၀၂၃) ကြိမ်မြောက် အစည်းအဝေးမှ သိရသည်။
အဆိုပါအစည်းအဝေးတွင် ဆောင်ရွက်ဆဲရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၁၀) ခု၏ မတည်ငွေရင်း တိုးမြှင့်ခြင်းအပါအဝင် လျှပ်စစ်ကဏ္ဍ၊ စက်မှုကဏ္ဍ၊ ဟိုတယ်နှင့်ခရီးသွားကဏ္ဍနှင့် မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍတို့မှ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအသစ် (၁၀) ခုကို ခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်။
ယင်းလုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှုပမာဏမှာ ဒေါ်လာ ၄၄၆ ဒသမ ၁၅၈ သန်းနှင့် ကျပ် ၂၅၄,၉၅၁ ဒသမ ၄၄၂ သန်းဖြစ်ပြီး ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်းပေါင်း ၇,၆၄၀ ခုအထိ ဖန်တီးပေးနိုင်မည်ဖြစ်သည်။ ခွင့်ပြုခဲ့သော လုပ်ငန်းများတွင် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်အမျိုးအစား လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်း လုပ်ငန်းများလည်း ပါဝင်ကြောင်း ဖော်ပြထားသည်။
၂၀၂၃ ခုနှစ်၊ ဇွန်လကုန်အထိ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံထားသည့် နိုင်ငံ/ဒေသပေါင်း ၅၂ ခုက ဒေါ်လာ ၉၅ ဘီလျံခန့်အထိ လာရောက်ရင်းနှီးမြှုပ်နှံပြီး ယင်းအနက် ရင်းနှီးမြှုပ်နှံမှုအများဆုံးပြုလုပ်သော နိုင်ငံ/ဒေသများမှာ စင်ကာပူနိုင်ငံ၊ တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့ဖြစ်ကြောင်း သိရသည်။
ထို့အတူ ခွင့်ပြုပေးထားသည့် စီးပွားရေးကဏ္ဍ ၁၂ ခုအနက် အများဆုံး ရင်းနှီးမြှုပ်နှံထားသည့် ကဏ္ဍများမှာ လျှပ်စစ်ကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၂၈ ဒသမ ၂၅ ရာခိုင်နှုန်းဖြင့် လည်းကောင်း၊ ရေနံနှင့် သဘာဝ ဓါတ်ငွေ့ကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၂၄ ဒသမ ၅၉ ရာခိုင်နှုန်းဖြင့်လည်းကောင်း၊ စက်မှုကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၁၄ ဒသမ ၃၉ ရာခိုင်နှုန်း ဖြင့်လည်းကောင်း ရင်းနှီးမြှုပ်နှံထားကြောင်း သိရသည်။
MIC အနေဖြင့် ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံသူများက တင်ပြလာသည့် ရင်းနှီးမြှုပ်နှံမှု အဆိုပြုလွှာများအား စိစစ်ခွင့်ပြုခြင်းကိုလည်းကောင်း၊ လက်ရှိရင်းနှီးမြှုပ်နှံသူများအတွက် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဝန်ဆောင်မှုများကို လည်းကောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေနှင့်အညီ ဆောင်ရွက်ပေးနေခြင်းဖြစ်သည်။