၂၅. ၇. ၂၀၂၃
Translated by Htwe Ko Tun
အယ်လ်ဂျီးရီးယားနိုင်ငံတွင် လေပြင်းများတိုက်ခတ်မှုနှင့်အတူ တောမီးလောင်ကျွမ်းမှုက ပို၍ပြင်းထန်လာနေပြီး နိုင်ငံအတွင်း အပူလှိုင်းဖြတ်သန်းကာ အပူချိန်မြင့်မားမှုကြောင့် သေဆုံးသူ ၃၄ ဦးအထိ ရှိလာခဲ့ကြောင်း အယ်လ်ဂျီးရီးယားအစိုးရ၊ ပြည်ထဲရေးဝန်ကြီးဌာနက ဇူလိုင် ၂၄ ရက်တွင်ကြေညာခဲ့သည်။
လေပြင်းများတိုက်ခတ်မှုနှင့်အတူ ပြည်နယ် ၁၆ ခုတွင် တောမီးလောင်ကျွမ်း မှု ၉၇ မှုအထိ ဖြစ်ပွားနေကြောင်း၊ အပူလှိုင်းဖြတ်သန်းမှုကြောင့် နိုင်ငံအတွင်း အပူချိန်မှာလည်း ၄၈ ဒီဂရီ စင်တီဂရိတ်(၁၁၈ ဖာရင်ဟိုက်) အထိ မြင့်တက်ခဲ့ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။
တောမီးလောင်ကျွမ်းမှုများက လူနေထိုင်ရာနယ်မြေများအထိပျံ့နှံ့လာခဲ့မှုကြောင့် ဇူလိုင် ၂၄ ရက်အထိ အယ်လ်ဂျီးရီးယား တပ်ဖွဲ့ဝင် ၁၀ ဦး အပါအဝင် အနည်းဆုံး လူ ၃၄ ဦး သေဆုံးခဲ့ရပြီး အနည်းဆုံး လူ ၂၆ ဦးဒဏ်ရာရခဲ့ကြောင်း လည်း သိရသည်။ ထို့ပြင် မြို့တော် အယ်လ်ဂျီးယားစ်၏ အရှေ့ဘက်ရှိ ပြည်နယ်သုံးခုတွင် လူ ၁,၅၀၀ ခန့်ကို တောမီးလောင်ကျွမ်းမှုများကြောင့် ရွှေ့ပြောင်းကယ်ဆယ်ခဲ့ရကြောင်းလည်း သိရသည်။
ပြည်ထဲရေးဝန်ကြီးဌာနက တောမီးလောင်ကျွမ်းမှုများကို ငြှိမ်းသတ်နိုင်ရန် မီးသတ်တပ်ဖွဲ့ဝင် ၇,၅၀၀ နှင့် မီးသတ်ကား ၃၅၀ အထိအသုံးပြုလျက်ရှိကြောင်းလည်း ပြောခဲ့သည်။
တောမီးလောင်ကျွမ်းမှုများက မက်ဒီတာရေနီးယန်းဒေသအတွင်းရှိ ဂရိ၊ တူရကီနှင့် အီတလီနိုင်ငံများတွင်လည်း လွန်ခဲ့သောရက်သတ္တပတ်များအတွင်း ဖြစ်ပွားခဲ့သည်။ အပူလှိုင်းဖြတ်သန်း၍ အပူချိန်မြင့်တက်မှု၊ မိုးခေါင်ခြောက်သွေ့မှုနှင့် လေပြင်းတိုက်ခတ်မှုများက ဒေသအတွင်း တောမီးလောင်ကျွမ်းမှုများကိုပို၍ ပြင်းထန်စေလျက်ရှိကြောင်းလည်း သိရသည်။
Ref—- Bangkok Post, lifetechnology