၂၅. ၇. ၂၀၂၃
Written by Naing Thuta
မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်တွင် ယမန်နေ့ညပိုင်းက ဂျီဝမ်းဆေးဆိုင်အား အမည်မသိအမျိုးသား ၅ ဦးက အနုကြမ်းဝင်စီးကာ ငွေကျပ်သိန်း ၃၀၀ နှင့် ရွှေထည်ပစ္စည်းများ လုယက်ယူဆောင်သွားမှု ဖြစ်ပွားခဲ့ကြောင်း မြို့ခံများထံမှ သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့(ဇူလိုင်လ ၂၄ ရက်နေ့)ည ၈ နာရီ ၄၅ မိနစ်ခန့်က မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ ၂၄ လမ်းနှင့် ၂၅ လမ်းကြား၊ ၆၂ လမ်းပေါ်ရှိ ဦးဂျီဝမ်းပိုင်ဆိုင်သည့် ဂျီဝမ်းဆေးဆိုင်တွင် ဆိုင်ပိတ်နေစဉ်အတွင်း မက်စ်များကိုယ်စီတပ်ထားသော အမည်မသိအမျိုးသား ၅ ဦးသည် Honda Fit (အဖြူရောင်) ယာဥ်ဖြင့် ဆိုင်ရှေ့သို့ရောက်ရှိလာပြီး ကားပေါ်မှ ဆင်း၍ သေနတ်အရှည် ၁ လက်နှင့် ပစ္စတိုသေနတ် ၁ လက်တို့ကိုင်ဆောင်ကာ ဆိုင်အတွင်းသို့ဝင်လာပြီး စစ်ဆေးရန်အတွက် ရောက်ရှိလာသည်ဟု ပြောဆို၍ အသက် ၃၇ နှစ်အရွယ် ဆိုင်ဝန်ထမ်းဖြစ်သူအား ရိုက်နှက်ထိုးကြိတ်ကာ အဆိုပါဆိုင်အတွင်းမှ ငွေကျပ်သိန်း ၃၀၀ ခန့်၊ ရွှေဘယက် ၅ မူးသား ၂ ကွင်း၊ လက်ကောက် ၅ မူးသား ၁၀ ကွင်း၊ ရွှေတုံး ၁ တုံး(၁ဝ ကျပ်သား)၊ နားကပ် ၆ ရံ၊ စုစုပေါင်းတန်ဖိုးညငွေကျပ်သိန်း ၈၀၀ ကျပ်ခန့်အား ယူဆောင်ပြီး ဆိုင်အတွင်းရှိ CCTV နှင့်ဆက်စပ်ပစ္စည်းများပါ ယူဆောင်ကာည၆၂ လမ်းအတိုင်း တောင်ဘက်သို့ မောင်းနှင်သွားကြောင်း သိရသည်။
“မနေ့ည ၉ နာရီထိုးခါနီးလောက်က ဆိုင်သိမ်းနေချိန်မှာ လူ ၅ ယောက်က သေနတ်အတိုတစ်လက်၊ အရှည်တစ်လက်နဲ့ရောက်လာပြီး စစ်ဆေးစရာရှိလို့ပြောပြီး ဆိုင်ကိုပြန်ဖွင့်ခိုင်းတယ်။ ဆိုင်ထဲမှာ ဝန်ထမ်းအမျိုးသမီးနှစ်ယောက်နဲ့ ဝန်ထမ်းအမျိုးသားနှစ်ယောက်ရှိတယ်။ ဝန်ထမ်းအမျိုးသမီးနှစ်ယောက်နဲ့အမျိုးသားဝန်ထမ်းတစ်ယောက်ကို မှောက်ခိုင်းထားပြီးတော့ ကျန်အမျိုးသားဝန်ထမ်းတစ်ယောက်ကို ရိုက်နှက်ထိုးကြိတ်ပြီး ဆိုင်ထဲမှာရှိတဲ့ သိန်း ၃၀၀ နဲ့ရွှေထည်ပစ္စည်းတွေကို လုယက်သွားတဲ့အပြင် CCTV နဲ့ဆက်စပ်ပစ္စည်းတွေကိုပါယူသွားကြတယ်။ လာတဲ့ ၅ ယောက်ထဲက တစ်ယောက်က တောစီးပျောက်ကြားဖိနပ်စီးလာတာတွေ့တယ်လို့ ဝန်ထမ်းတွေပြောကြတယ်”ဟု ဆိုင်ရှင်ဦးဂျီဝမ်းမှ MT News သတင်းဌာနထံသို့ပြောသည်။
အခင်းဖြစ်ပွားရာသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များရောက်ရှိလာကာ စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ပြီး လုယက်သွားသည့်တရားခံများအား အမြန်ဆုံးပြန်လည်ဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်နေကြောင်းလည်း သိရသည်။