၂၅. ၇. ၂၀၂၃
Written by Nay Aung
မြန်မာနိုင်ငံရှိ သက်ကြီးရွယ်အိုအမျိုးသမီး ၇၂ ရာခိုင်နှုန်းနှင့် သက်ကြီးရွယ်အို အမျိုးသား ၅၄ ရာခိုင်နှုန်းတို့သည် စားနပ်ရိက္ခာမလုံလောက်မှုများနှင့် ကဏ္ဍစုံကျပ်တည်းမှုများကို ရင်ဆိုင်တွေ့ကြုံနေရကြောင်း နိုင်ငံတကာအဖွဲ့အစည်းတစ်ခုဖြစ်သော Help Age International အဖွဲ့က သတင်းထုတ်ပြန်လိုက်သည်။
အဆိုပါအဖွဲ့သည် မြန်မာနိုင်ငံရှိ သက်ကြီးရွယ်အိုများနှင့်ပတ်သက်သောအခြေအနေကို စစ်တမ်းကောက်ယူခဲ့ပြီးနောက် ယင်းကဲ့သို့ ဖော်ပြထားခြင်းဖြစ်သည်။ Help Age International အဖွဲ့သည် ၂၀၂၃ ခုနှစ် မေလမှ ဇွန်လအတွင်း ပြည်နယ်နှင့်တိုင်း ၆ ခုမှ မြို့နယ်ပေါင်း ၁၈ မြို့နယ်တွင်နေထိုင်နေသော သက်ကြီးရွယ်အို ၂၀၀ ကျော်ကို စစ်တမ်းကောက်ယူခဲ့ပြီးနောက် ဖော်ပြခဲ့ခြင်းဖြစ်သည်။
အဆိုပါစစ်တမ်းအရ မြန်မာနိုင်ငံရှိ သက်ကြီးရွယ်အိုအမျိုးသမီး ၆၀ ရာခိုင်နှုန်း၊ အမျိုးသား ၅၂ ရာခိုင်နှုန်းတို့သည် ကျန်းမာရေးဝန်ဆောင်မှုများကို ကောင်းမွန်စွာမရဘဲဖြစ်နေသည်။ ထို့အပြင် သက်ကြီးရွယ်အို ၇၁ ရာခိုင်နှုန်းသည် စိုးရိမ်မှုများ၊ အထီးကျန်မှုများ၊ တွေ့ကြုံနေရကြောင်း ဖော်ပြထားသည်။
မြန်မာနိုင်ငံရှိ သက်ကြီးရွယ်အို ၆၈ ရာခိုင်နှုန်းသည် တစ်ဦးချင်း တစ်ပတ်စာငွေကြေး စုဆောင်းနိုင်ခြင်းမရှိကြောင်း သိရသည်။ လူမှုစီးပွား အချိုးမညီမျှမှုများက မြန်မာနိုင်ငံရှိသက်ကြီးရွယ်အိုအမျိုးသမီးများအပေါ် ရိုက်ခတ်မှုများရှိနေခဲ့ပြီး သက်ကြီးရွယ်အိုအမျိုးသမီးများသည် စားနပ်ရိက္ခာ ရယူနိုင်ရန်အတွက် ငွေကြေးကိစ္စများကို ဖြေရှင်းရသူများဖြစ်ကြောင်း သိရသည်။
စစ်တမ်းဖြေဆိုမှုတွင်ပါဝင်သောအမျိုးသမီးက “အစားအစာစားဖို့ ဆန္ဒရှိမယ်ဆိုရင်တောင် အိမ်မှာ အစားအစာမရှိဘူး။ အဲဒီအတွက် ဝမ်းဗိုက်ဖြည့်တင်းနိုင်အောင် ရေသောက်ခဲ့ရတယ်”ဟု ပြောသည်။
ဆေးကုသမှုနှင့် ဆေးဝါးဈေးနှုန်းကြောင့်လည်း သက်ကြီးရွယ်အိုအမျိုးသားများနှင့် သက်ကြီးရွယ်အိုအမျိုးသမီးများကို ဆေးကုသရန် အဟန့်အတားဖြစ်လျက်ရှိနေကြောင်း သိရသည်။
စစ်တမ်းဖြေဆိုမှုတွေ ပါဝင်ခဲ့သောအမျိုးသမီးတစ်ဦးက “ဆေးဝါးဈေးနှုန်းတွေဟာ အလွန်မြင့်တက်နေတယ်။ ဒါကြောင့်ဆေးဝါးကုသဖို့ မလုပ်ကြတော့ဘူး။ ကျွမ်းကျင်ဆရာဝန်တွေနဲ့ ဆေးဝါးကုသရမယ့်အစား ရိုးရာအစဉ် အလာအတိုင်း အသုံးပြုနေတဲ့ ဆေးမြီးတိုတွေကိုသာ အသုံးပြုခဲ့တယ်။ အဲဒီ လိုမျိုးအသုံးပြုမှုတွေ ကြာရှည်လာပေမဲ့ ကျန်းမာရေးက ကောင်းမွန်မှုမရှိဘဲ ဆိုးရွားလာခဲ့တယ်” ဟု ပြောသည်။