၂၄.၇.၂၀၂၃
Written by Peya
စုဆောင်းထားသည့် ရှေးဟောင်းပစ္စည်း ၃၀၀ ကျော်ကို လာရောက်အပ်နှံသူအား ဆုငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခဲ့ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနထံက သိရသည်။
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်၊ ကြာညှပ်ကျေးရွာအုပ်စု၊ မြင်သာကျေးရွာမှ၊ ဦးဗိုလ်နိုင်ဝင်းက ၎င်းစုဆောင်းထားသည့် ကျောက်လက်နက်၊ ကျောက်ကွင်း၊ ကျောက်မို၊ ကျောက်ပုတီးစေ့၊ ကြေးလက်နက်၊ ကြေးအလေး၊ သံလက်နက်၊ ငွေပြား၊ ငွေဒင်္ဂါး၊ မြေပုတီး၊ မြေနားဋောင်း၊ မြေဆေးတံ၊ ဖန်ပုတီးစေ့၊ အရိုးပုတီးစေ့ စသည့် ရှေးဟောင်းဝတ္ထုပစ္စည်း ၃၂၄ ခုကို အပ်နှံခဲ့ခြင်း ဖြစ်သည်။
ထိုသို့ပြုလုပ်ခဲ့သည့်အတွက် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ချီးမြှင့်ငွေ ၃၆၀၃၄၆၆ ကျပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခြင်းကို ယနေ့ ဇူလိုင်လ ၂၄ ရက် နံနက်ပိုင်းက ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ မန္တလေးဌာနခွဲတွင် ပြုလုပ်ခဲ့သည်။
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနအနေဖြင့် ရွှေထည်နှင့် အခြားရှေးဟောင်းဝတ္ထုပစ္စည်းများအား နိုင်ငံတော်ပိုင်ပစ္စည်းအဖြစ် တာဝန်သိစိတ်ရှိစွာအပ်နှံပါက လွှဲပြောင်းပေးအပ်သူကို အကျိုးခံစားခွင့်ရှိသူအဖြစ်သတ်မှတ်၍ ကာလတန်ဖိုးအပြင် ထပ်ဆောင်းတန်ဖိုးငွေပါ တွက်ချက်ပြီး ချီးမြှင့်ငွေပေးအပ်လျက်ရှိခြင်း ဖြစ်သည်။
ထိုသို့ပေးအပ်ရာ ထပ်ဆောင်းတန်ဖိုးသတ်မှတ်ရာတွင် ရှေးဟောင်းဝတ္ထုပစ္စည်း၏ နောက်ခံသမိုင်းကြောင်းအခြေအနေ၊ ပြုလုပ်သည့်ပစ္စည်းအမျိုးအစား၊ အနုလက်ရာမြောက်မှု အဆင့်အတန်း၊ သက်တမ်းနှင့် ကာလတန်ဖိုးတို့အပေါ်တွင်မူတည်၍ စစ်ဆေးရေးအဖွဲ့က သတ်မှတ်ပေးခြင်းဖြစ်ပြီး ကျောက်ခေတ်မှစ၍ ကိုလိုနီခေတ်ကာလအထိ ခေတ်ခွဲခြား၍ ခေတ်ကာလကြေးကို ၅၀%မှ ၁၀၀%ထိ လည်းကောင်း၊ လက်ရာကြေးကို ၃၀% မှ ၈၀% ထိ လည်းကောင်း ကာလတန်ဖိုးအပေါ် ထပ်ဆောင်းချီးမြှင့်ပေးလျက်ရှိကြောင်း သိရသည်။