October 18, 2024

မြန်မာနိုင်ငံ လူမှုကူညီ ကယ်ဆယ်ရေးအသင်း (မုံရွာ)

၂၄.၇.၂၀၂၃
Written by Hey Mar

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ပြည်ထောင်စုလမ်း၊ ဘုရားနီလမ်းထိပ်အကျော်မှာ ဒီနေ့ ဇူလိုင် ၂၄ ရက် မနက် ၅ နာရီအချိန်ခန့်က ကားတစ်စီးက ဆိုင်ကယ်တစ်စီးကို တိုက်မိပြီး ဆိုင်ကယ်မောင်းနှင်စီးနင်းသူ အမျိုးသမီး နေရာတင်သေဆုံးခဲ့တယ်လို့ မြန်မာနိုင်ငံ လူမှုကူညီကယ်ဆယ်ရေးအသင်း (မုံရွာ)ကနေ သိရပါတယ်။

အတိုက်ခံရသူဟာ ဆိုင်ကယ်နဲ့ ဈေးလှည့်လည်ရောင်းချသူတစ်ဦးလို့သိရပြီး တိုက်ပြီးကြိတ်မိတဲ့အနေအထားမို့ ရုပ်အလောင်းမှာ ခါးအောက်ပိုင်းပေါက်ပြဲ ပြတ်ထွက်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (မုံရွာ) ကွပ်ကဲရေးရုံးမှ တာဝန်ရှိသူက MT News ကို ပြောပါတယ်။

“သူက ဆိုင်ကယ်နဲ့ ပန်းရောင်းတဲ့ အမျိုးသမီးလို့ သိရတယ်။ အသက်က ၃၅ ဝန်းကျင်လောက်ပဲ ရှိမယ်။ တိုက်တဲ့ ယာဉ်က ထွက်ပြေးသွားပါတယ်။ သေဆုံးသူအမျိုးသမီးရဲ့ မိသားစုဝင်တွေနဲ့ အခုထိတော့ အဆက်အသွယ်မရသေးဘူး”လို့ အဆိုပါ လူမှုကူညီရေးအသင်း တာဝန်ရှိသူက ဆိုပါတယ်။

ယာဉ်တိုက်မှုဖြစ်ပွားရာနေရာကို သက်ဆိုင်ရာအဖွဲ့အစည်းတွေ လာရောက်ကာ စုံစမ်းစစ်ဆေးမေးမြန်းမှုတွေ ပြုလုပ်ခဲ့ပြီး သေဆုံးသူ အမျိုးသမီးရဲ့ ရုပ်အလောင်းကို မြန်မာနိုင်ငံ လူမှုကူညီကယ်ဆယ်ရေးအသင်း (မုံရွာ) ရဲ့ နိဗ္ဗာန်ယာဉ်နဲ့ မုံရွာဆေးရုံကြီး၊ ရင်ခွဲရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *