October 18, 2024

ဆူလာဝီစီကျွန်း၏ ကမ်းရိုးတန်းအနီးတွင် နစ်မြုပ်နေသော ကြိုပို့သင်္ဘောအား ဇူလိုင်လ ၂၄ ရက် နံနက်က တွေ့ရစဉ်။

၂၄.၇.၂၀၂၃
Translated by Htwe Ko Tun

အင်ဒိုနီးရှားနိုင်ငံ၊ ဆူလာဝီစီကျွန်း၏ ကမ်းရိုးတန်းအနီးတွင် ဇူလိုင်လ ၂၃ ရက် ညသန်းခေါင်အချိန်က ခရီးသည် ကြိုပို့ သင်္ဘောတစ်စီးနစ်မြုပ်ခဲ့ရာ အနည်းဆုံး ခရီးသည် ၁၅ ဦးသေဆုံးပြီး ၁၉ ဦးပျောက် ဆုံးနေကြောင်း အမျိုးသားရှာဖွေရေးနှင့် ကယ်ဆယ်ရေးအေဂျင်စီက ပြောကြားခဲ့သည်။

သင်္ဘောပေါ်တွင် ခရီးသည် ၄၀ ဦးလိုက်ပါလာရာ ခြောက်ဦးကိုသာ အသက်ရှင်လျက်ကယ်ဆယ်နိုင်ခဲ့ပြီး ဒေသအာဏာပိုင်များက ပျောက်ဆုံးနေသောခရီးသည်များကို ဆက်လက်ရှာဖွေနေကြဆဲဖြစ်သည်။ ဇူလိုင်လ ၂၃ ရက် ညသန်းခေါင်အချိန်တွင် သင်္ဘောနစ်မြုပ်မှု ဖြစ်ပွားခဲ့ခြင်းကြောင့် နစ်မြုပ်ရခြင်းအကြောင်းအရင်းကို ရှင်းလင်းစွာမသိရသေးကြောင်းလည်း သိရသည်။

သေဆုံးရသူများအားလုံးကို မည်သူမည်ဝါဖြစ်ကြောင်း ခွဲခြားနိုင်ခဲ့ပြီး မိသားစုများထံ အလောင်းများကို ပြန်လည်လွှဲပြောင်းပေးခဲ့ကာ အသက်ရှင်လျက် ကယ်ဆယ်ရရှိသူများကိုလည်း ဒေသတွင်းဆေးရုံများ၌ ပို့ဆောင်ဆေးကုသမှုပေးနေကြောင်း အမျိုးသားရှာဖွေရေးနှင့် ကယ်ဆယ်ရေးအေဂျင်စီမှတာဝန်ရှိသူတစ်ဦးက ပြောခဲ့သည်။ ဒေသတွင်းဆေးရုံတစ်ခု၏ ကြမ်း ပြင်တွင် သေဆုံးသူများ၏ အလောင်းများကို အဝတ်စများဖုံးလွှမ်းလျက်ချထားသည်ကို တွေ့ကြရသည်။

အဆိုပါသင်္ဘောက မူနာကျွန်းအနီး ပင်လယ်အော်ကိုဖြတ်လျက် အရှေ့တောင်ဆူလာဝါစီပြည်နယ်၏ မြို့တော်ဖြစ်သော ကန်ဒါရီမြို့သို့ ကီလိုမီတာ ၂၀၀ (၁၂၄ မိုင်) ခရီးကိုခုတ်မောင်း၍ ခရီးသည်များပို့ဆောင်နေခြင်းဖြစ်သည်။ သင်္ဘောနစ်မြုပ်သည့်နေရာတွင် ရှာဖွေရေးအဖွဲ့တစ်ဖွဲ့က ရေငုပ်ရှာဖွေမှုများပြုနေပြီး တစ်ဖွဲ့ကမူ ရေပြင်ပေါ်တွင် ရေယာဉ်များအသုံးပြုရှာဖွေနေကြောင်းလည်း သိရသည်။

ကျွန်းပေါင်း ၁၇၀၀၀- ကျော်ပါဝင်သော ကျွန်းစုနိုင်ငံဖြစ်သည့် အင်ဒိုနီးရှားတွင် ကြိုပို့သင်္ဘောများက သယ်ယူပို့ဆောင်ရေးအတွက်အဓိကကျသည်။ သို့ရာတွင် လျော့ရဲသောလုံခြုံစိတ်ချရမှုအဆင့်များကိုဖြစ်စေသည့် ထိုသင်္ဘောများတွင် ခရီးသည်များအတွက် အသက်ကယ်ကိရိယာများအပြည့်အစုံ မပါဝင်ဘဲ လူနှင့် ကုန်တန်ချိန် ပိုမိုသယ်ဆောင်မှုများကြောင့် ဤကဲ့သို့ မတော်တဆမှုများလည်း မကြာခဏဖြစ်ပွားလေ့ရှိသည်။

Ref—–Jakarta Post

Leave a Reply

Your email address will not be published. Required fields are marked *